Connect with us

Hi, what are you looking for?

သတင်း

ခိုင်နှင်း​ဝေ​ဖောင်​ဒေရှင်း၏ ကရင်နီပြည်​ရေ​ဘေးအလှူကို ​ဒေသခံများ​မေးခွန်းထုတ်

လွိုင်​ကော်တွင်စစ်​ကောင်စီနှင့်နီးစပ်သူ ၊ဝန်ထမ်းများ၊အုပ်ကြီးမိသားစု​ဆွေမျိုးများသာအများစုရပြီး ပြည်သူအများစုမရဟု​ဒေသခံများ​ပြော၊ လွိုင်​ကော်နှင့် ရှမ်း​တောင်တွင် စစ်​ကောင်စီ ၊PNOပြည်သူ့စစ်အစီအစဥ်ဖြင့်သာကူခဲ့ပြီး ​ရေ​ဘေးသင့်ပြည်သူအများစုမရ

လွိုင်​ကော်မြို့တွင်​ရေ​ဘေးသင့်ပြည်သူများထံကွင်းဆင်း​နေသည်ဆို​သော ပရဟိတမင်းသမီးခိုင်နှင်း​ဝေ​နှင့် အဖွဲ့ ။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်

“စကစ နေရာပဲကူတာ။လွတ်မြောက်နယ်မြေအတွက် တပြားမှမပါ။သွားလှူတာတောင်ပြည်သူ့စစ်တွေ စကစတွေနဲ့အတူသွားတာ”

— ရှမ်း​တောင်မှ​ဒေသခံတစ်ဦး

“ကိုယ့်ကို ယုံလို့ တဆင့်ခံလှူပေးဖို့ ပေးလိုက်တဲ့ငွေတွေသည် တကယ်ဒုက္ခရောက်တဲ့သူတွေဆီရောက်ရဲ့လားဆိုတာ ကိုယ်တိုင် ဆန်းစစ်ရမယ်။စိစစ်ရမယ်။ပရဟိတသမား မှန်ရင်လုပ်ရမယ် အလုပ်ပဲ”

— ​ရေ​ဘေးကူညီ​ပေး​နေသူတစ်ဦး

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်ရေဘေး ကျပ်သိန်း ငါးထောင် ကူညီခဲ့သည်ဟု ပရဟိတ မင်းသမီးခိုင်နှင်းဝေကဆို​သော်လည်း လွိုင်​ကော်မြို့တွင်ပင်​ရေ​ဘေးသင့်ပြည်သူအနည်းငယ်သာရ၍ ကူညီခဲ့သည်ဆို​သောစာရင်းဇယားများကို ထုတ်ပြန်ပေးရန် ဒေသခံရေဘေးရှောင် ပြည်သူများက ​ပြောသည်။

စက်တင်ဘာ ၂၆ ရက်တွင် ခိုင်းနှင်းဝေပရဟိတ​ဖောင်​ဒေးရှင်းက လူမှုကွန်ယက်စာမျက်နှာတွင် “ကယား အတွက် သိန်း (၅) ထောင် နှင့် ပစ္စည်းများ မျှဝေ ကူညီခဲ့ပါတယ်ရှင်..တစ်အိမ် ထောင် (၁၀) သိန်း နှုန်းဖြင့်အိမ်ခြေ (၅၀၀) အတွက် မျှဝေ မှုကို ပီတိကုသိုလ်လေးများ ပွါးများနိုင်ကြပါစေရှင့်”ဟု အလှူရှင်များ၏ ​လှူဒါန်းငွေများဖြင့်​ ကရင်နီပြည်​ရေ​ဘေးအတွက်ကူညီခဲ့​ကြောင်းရေးသားဖော်ပြခဲ့သည်။

သို့သော် လွိုင်​ကော်မြို့တွင် စစ်ကောင်စီ စီစဥ်​ပေးထား​သော ​ရေ​ဘေး​ရှောင်စခန်းအချို့မှ စစ်​ကောင်စီဝန်ထမ်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အမျိုး များ၊ ၎င်းတို့နှင့် နီးစပ်သူများသာ အကူအညီရရှိခဲ့ပြီး အမှန်တကယ် ရေဘေးရှောင်သူများသည် ပိုက်ဆံထောက်ပံ့ပေးသည်ကိုပင်မသိခဲ့ရဟု ​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

“ပိုက်ဆံ နဲ့ ပစ္စည်းရိက္ခာတွေပေးတာက လွိုင်ကော်ဥတ္တာရုံ သာသနာ့ဗိန့်မာန်မှာလုပ်သွားတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတဲ့သူတွေနဲ့ သူတို့အမျိုး တွေအပါဆိုရင် လူ ၂၀ ကျော်လောက်ရယ်၊ ပြီးတော့ ဥတ္တာရုံမှာနေ နေတဲ့သူတွေလောက်ပဲရသွားကြတာ။အမှန်တကယ် ရေဘေးရှောင်နေရတဲ့သူတွေက တောထဲက ကုန်မြင့်လိုနေရာမျိုးတွေရောက်နေကြတာ”ဟု လွိုင်ကော်ရေဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင်၎င်းတို့၏ အကူအညီများမှာ စစ်​ကောင်စီထိန်းချုပ်ထား​သော လွိုင်​ကော်မြို့ရှိ ​ရေ​ဘေး​ရှောင်များရှိ​သော ဘုန်ကြီး​ကျောင်းနှင့်​ရေ​ဘေး စခန်းအချို့သို့သာ​ပေးခဲ့ခြင်းဖြစ်ပြီး စခန်းအကုန်မရသလို၊ ​ရေ​ဘေးသင့်သူအများစုမှာ အသိ​နေအိမ်များ၊ ​ရေလွတ်ရာ​နေရာများတွင်​တိမ်​ရှောင်ကြ၍ ထိုသူများလည်းမရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

လွိုင်ကော်မြို့နေသူတစ်ဦးကလည်း ” မင်းစုဘက်မှာဆို ရပ်ကွက်ဥက္ကဌ နဲ့ သူ့အမျိုးတွေက တစ်အိမ်ထောင် နှစ်ယောက်စီပိုက်ဆံယူသွားကြတာ။လက်သင့်ရာ ဆွမ်းလောင်းသွားကြတယ်။ညီမလေး တို့ရပ်ကွက်က အလှူခံစရာရှိရင်အခုမရတဲ့လူတွေနားအလှူခံတယ် ။ ဝေစရာရှိရင်သူတို့နဲ့ဆွေမျိုးသားချင်း ပနာစားသူသာ လက်တို့တယ်”ဟု ပြောသည်။

ထို့အပြင် ခိုင်နှင်းဝေ ​ဖောင်​ဒေရှင်းအနေဖြင့် လွိုင်ကော်ရေဘေးကူညီမှုတွင် ငွေကြေးစာရင်းများကို ပြန်လည်စိစစ်ရန်လိုပြီး အမှန်တကယ်ဒုက္ခရောက်သူ များထံ ရောက်၊ မ​ရောက်ပြည်သူများသိရှိ​အောင် စာရင်းဇယား အ​ထောက်အထားများဖြင့်ထုတ်ပြန်​ပေးသင့်ကြောင်းရေဘေးကူညီနေသူတစ်ဦးက တိုက်တွန်းသည်။

“ဘယ်လောက်ပဲ ငွေပမာဏ များများ ကိုယ်ကူညီရတဲ့ အပိုင်းလိုက်အခြေအနေကို ကူညီတဲ့သူ ဒါမှမဟုတ်ငွေကြေး လွှဲပြောင်းတဲ့သူတွေကို ချပြရမယ်။ကိုယ့်ကို ယုံလို့ တဆင့်ခံလှူပေးဖို့ ပေးလိုက်တဲ့ငွေတွေသည် တကယ်ဒုက္ခရောက်တဲ့သူတွေဆီရောက်ရဲ့လားဆိုတာ ကိုယ်တိုင် ဆန်းစစ်ရမယ်။စိစစ်ရမယ်။ပရဟိတသမား မှန်ရင်လုပ်ရမယ် အလုပ်ပဲ”ဟု ၎င်းက ပြောသည်။

ပရဟိတ မင်းသမီးခိုင်နှင်းဝေ ၏ လွိုင်ကော်ရေဘေး ကူညီသည့် ငွေအများစုကို စစ်ကောင်စီ၏ လွိုင်ကော် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူး က သိမ်းဆည်းခဲ့ကြောင်းလည်း သတင်းအချို့ထွက်ပေါ်ခဲ့သည်။

“ခိုင်နှင်းဝေ မလှူခင် ဒကစမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင် နဲ့ အရင်တွေ့တယ်။ပြီးမှ သူလှူရမယ့် နေရာ နဲ့ လူဦးရေစာရင်းကို စစ်ကောင်စီက ဖန်တီးပေးတယ်။ခိုင်နှင်းဝေ လှူတဲ့ ပြည်သူ အယောက် ငါးရာဆိုတာ သူတင်ထားတဲ့ပုံမှာတင် စိစစ်ကြည့်ရင် သိနိုင်တယ်။အကုန်လုံးက စကစ ချုပ်ကိုင်သွားတာပါပဲ”ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ဝင်တစ်ဦးက ထောက်ပြသည်။

ခိုင်နှင်းဝေ ခရီးစဥ်မတိုင်မီကပင် ကရင်နီပြည်၊ လွိုင်ကော်မြို့ရေဘေးတွင် ကူညီထောက် ပံ့သည့် ပစ္စည်းများကို စစ်ကောင်စီက ထိန်းချုပ်ထား ကြောင်း ဒေသခံများနှင့် ကူညီရေးဆောင်ရွက်နေသူ များက ကနဦးထုတ်ဖော်ပြောဆိုထားသည်။

ထိုအပြင် ကရင်နီပြည်၏ ​ဒေသအများစုကို ကရင်နီတပ်​ပေါင်းစုကထိန်းချုပ်ထားခြင်းဖြစ်ပြီး​တော်လှန်​ရေးတပ်များထိန်းချုပ်ထား​​သော​ဒေသရှိ ​ရေ​ဘေးသင့်ပြည်သူများ၊​ရေ​ဘေး​ရှောင်စခန်းများကို ခိုင်နှင်း​ဝေ ပရဟိတ အဖွဲ့က မကူ​ကြောင်းလည်း​ဒေသခံများက​ပြောသည်။

ကရင်နီပြည်တွင် ​ရေ​ဘေးကူညီ​ရာတွင် စစ်​ကောင်စီနှင့် နီးစပ်သူများသာရပြီး ပြည်သူအများစုမရခြင်း ၊အများစုကိုစစ်​ကောင်စီတပ်ကိုကူညီခဲ့ခြင်း ၊​ရေ​ဘေးကူညီခဲ့​သော စာရင်းဇယားများကို ထုတ်ပြန်ရန်ရှိ၊မရှိ စသည်တို့ကို ခိုင်နှင်း​ဝေ​ဖောင်​ဒေးရှင်းနှင့် ခိုင်နှင်း​ဝေ၏ ​ဖေစ်ဘွခ်စာမျက်နှာများသိို့ People’s Spring ကဆက်သွယ်​မေးမြန်းထား​သော်လည်းပြန်လည်​ဖြေကြားခြင်းမရှိ​သေး​ပေ။

ရှမ်း​တောင်ပိုင်:

အလားတူ ရှမ်းပြည်နယ်​တောင်ပိုင် ဟိုပုန်းမြို့နယ်၊မဲနယ်​တောင်​ဒေသတွင်လည်းခိုင်နှင်းဝေပရဟိတအဖွဲ့ကကျပ်သိန်း ၅၀၀၀ ​ကျော် ကူခဲ့သည်ဟုဆို​သော်လည်း ၎င်းလှူ​သော်​နေရာများမှာ စစ်​ကောင်စီနှင့် PNO/PNA ပြည်သူ့စစ် စိုးမိုး​ဒေသမှ​ရေ​ဘေးသင့်သူများကိုသာ ကူခဲ့ခြင်းဖြစ်ပြီးကျန်ပြည်သူများကိုမကူ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

“စကစ နေရာပဲကူတာ။လွတ်မြောက်နယ်မြေအတွက် တပြားမှမပါ။သွားလှူတာတောင်ပြည်သူ့စစ်တွေ စကစတွေနဲ့အတူသွားတာ”ဟု ဒေသခံတစ်ဦးက​ပြောသည်။

ထို​ကြောင့် အဆိုပါပရဟိတအဖွဲ့က ကရင်နီ နှင့် ရှမ်း​တောင် ​ဒေသ​ရေ​ဘေးအကူအညီ​ပေးရာတွင် စစ်​ကောင်စီ စိုးမိုး​သော​ဒေသတွင်သာ စစ်​ကောင်စီနှင့် ပူး​ပေါင်း ကူညီခဲ့ခြင်းဖြစ်သည်။

“တကယ်လိုအပ်တဲ့သူတွေဆီ မရောက်ရင် အများပြည်သူပိုက်ဆံ အကျိုးမရှိပဲ ကုန်ဆုံးနိုင်ပါတယ်၊ အဆိုးဆုံးက ရေဘေးတွေ့နေတဲ့ပြည်သူလက်ထဲမရောက်ဘဲ စစ်ကောင်စီရဲ့ စစ်စရိတ်ထဲ ရောက်သွားမှာကို အစိုးရိမ်ဆုံးပါ။ ပြီးတော့ စစ်ဘေးကော ရေဘေးကော ခံနေရတဲ့ ပြည်သူကို ပိုပြီး ကူသင့်ပါတယ်။”ဟု ရှမ်းပြည်နယ်​တောင်ပိုင်းမှ ပြည်သူတစ်ဦးက​ပြောသည်။

ခိုင်နှင်း​ဝေ ပရဟိ​ဖောင်​ဒေရှင်းက ​ရေ​ဘေးကူညီရန် ပြည်သူများထံမှအလှူ​ငွေများကိုလက်ခံရာစက်တင်ဘာ လတတိယပါတ်တွင် ကျပ်သိန်းတစ်​သောင်းငါး​ထောင်ပြည့်ခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

ခိုင်နှင်​ဝေ၏ ​ရေ​ဘေးအကူအညီ​ပေးသည်ဆို​သောသတင်းများကို စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်များ နှင့် အနုပညာသတင်းများအသား​ပေး​ဖော်ပြ​သော ​​​ဖေ့စ်ဘွခ်​ပေချ်များက ဆက်တိုက်ဖော်ပြ​ပေး​နေသည်ကို​တွေ့ရသည်။

ကရင်နီ​ရေ​ဘေး စစ်​ကောင်စီမကူ

ကရင်နီပြည်နယ်တွင် ရေကြီးမြေပြိုမှုများအတွက် စစ်ကောင်စီ၏ ကူညီမှု မရှိသေးဘဲ က ရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နှင့်ပြည် နယ်တွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊တစ်သီး ပုဂ္ဂလထောက်ပံ့မှုများသာရှိခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့တွင်း မင်းစု ၊ ရှမ်းပိုင်း ၊ ဒေါနိုးကူး ၊ နမ့်ကွတ် ၊ ရွှေတောင် ၊ ဒေါတမ ၊ ဈေးပိုင်း ၊ မှုံပြာ ၊ ဒေါဥခူ ၊ လောဓမ ၊ ဓမ္မရုံ၊ မင်္ဂလာ၊ ရေနီကန်၊ ချိကယ် နှင့် မိုင်းလုံးအောက်ပိုင်း စသည့် ရပ်ကွက်များ အပါအဝင် မြို့အနီးပတ်ဝန်းကျင်ရှိကျေးရွာများ၌ နေအိမ်နစ်မြှုပ်နေဆဲဖြစ်သည်။

လွိုင်ကော်၊ဖယ်ခုံ၊ဒီးမော့ဆို၊ဖရူဆို နှင့်ရှားတောမြို့နယ်တို့တွင်ရေဘေးကြောင့်လူဦးရေသုံးသောင်းဝန်းကျင်ခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်အများစုတွင် ရေကြီးနေသော်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးနေမှုများကြောင့် ဖယ်ခုံ၊လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

Trending

Facebook