ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တောင်ယမားဆည် ရေပြည့်နေသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိသေးကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးသည်။
ပုလဲမြို့နယ်ရှိ တောင်ယမားဆည်သည် ရေပြည့်မှတ် တာဝါတိုင်၌ ၆၆၀ ရေမှတ်ရောက်လျှင် ဆည်ရေပြည့်ပြီး ယနေ့ (အောက်တိုဘာ ၂၄ရက်) နေ့လယ် ၁ နာရီခန့်တွင် ရေပြည့်မှတ်ထက် ၆၆၂.၅ ထိရောက်ရှိလာသောကြောင့် ရေပိုလွှဲမှ ၂ပေရေကျော်နေကြောင်း၊ သို့သော်စိုးရိမ်မှု အဝါရောင်အဆင့်သာ ရှိသောကြောင့် ပြည်သူများ အလွန်အကျွံမစိုးရိမ်ကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement
“ရေပိုလွှဲကနေ ၃ပေခွဲ ကျော်ရင်တော့ စိုးရိမ်မှတ်ကျော်လွန်လို့ တောင်ယမား ချောင်းဘေး ရေလျှံနိုင်တယ်။ ရေလွှတ်မြောင်းမကြီးကနေလည်း ၇လက်မလောက် ပုံမှန်ရေလွှတ်ထားလို့ ခုထိတော့ မစိုးရိမ်ရသေးဘူး။”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
မကွေးတိုင်းမြောက်ပိုင်း၌ မိုးများနေခြင်းနှင့် ရေပိုလွှဲမှ ရေကျော်နေခြင်းများကြောင့် တောင်ယမားချောင်းရေ ၃ပေခွဲ ၄ပေခန့်အထိ ရေရောက်လာနေကြောင်း သိရသည်။
ထို့ကြောင့် တောင်ယမားချောင်းအတွင်း ကလေးငယ်များ ချောင်းရေချိုးခြင်း၊ဆော့ကစားခြင်းမျိုးမပြုလုပ်ရန်နှင့် အရေးတကြီးခရီးသွားရမည့်သူများ ချောင်းအတွင်း သတိထားကူးဖြတ်ကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
ထို့အပြင် တောင်ယမားဆည်အား အနီးကပ်စောင့်ကြည့်ပြီး ပြည်သူများအား အချိန်နှင့်တပြေးညီ တင်ပြပေးသွားမည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်မံအသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် စစ်ရေးတင်းမာနေသည့် ကချင် ၊ ချင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအများစု၌မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်ထားသည်။
မုန်တိုင်း၏အရှိန်ကြောင့် ကချင်ပြည်နယ်၊ ချင်း
ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မြေလတ်ဒေသများ နှင့် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု MOHADMက အောက်တိုဘာလ၂၃ရက်နံနက်ပိုင်း၌ ခန့်မှန်းထားသည်။


















































