ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အမျိုးသမီးသတင်းထောက်တစ်ဦးအား အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုံ့ချပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများက ထိရောက်သည့် အရေးယူမှုကို ဆောင်ရွက်ပေးရန် Myanmar Women in Media (MWiM) က တိုက်တွန်းသည်။
ဒီဇင်ဘာ ၁၄ ရက်ည ၉ နာရီခန့်က အရာတော်မြို့နယ်တစ်နေရာတွင် မြေလတ်အသံ သတင်းဌာန၏ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးအား ကိုဝင်းကျော်ဆိုသည့် အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့သည်ကိုမငြိမ်းချမ်းစုကြည်၏ Facebook Account နှင့် မြေလတ်အသံ၏ သတင်းထုတ်ပြန်ချက်များက တဆင့် သိရကြောင်း Myanmar Women in Media (MWiM) က အသိပေးသည်။
ဖြစ်စဥ်မှာ ကိုဝင်းကျော်ဆိုသူ တည်းခိုသည့်နေရာတွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်၌ မငြိမ်းချမ်းစုကြည် အလုပ်လုပ်နေချိန် ကိုဝင်းကျော်က သတင်းထောက် အမျိုးသမီးကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် သတင်းထောက် အလုပ်နှင့် သူအလုပ်လုပ်နေသည့် သတင်းဌာနကိုပါ နှုတ်အားဖြင့် စော်ကားပြောဆိုမှုများလုပ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် မငြိမ်းချမ်းစုကြည်၏ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီးတဦး) ကိုလည်း ကိုယ်ထိလက်ရောက် ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရကြောင်း Myanmar Women in Media (MWiM) က ထပ်မံအသိပေးသည်။
အမျိုးသမီးသတင်းထောက်တစ်ဦးအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ လိင်ပိုင်းဆိုင်ရာ တိုင်းထွာဆဲဆိုခြင်းအပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခြင်းအပေါ် Myanmar Women in Media (MWiM) က ကျားမ အခြေပြု အကြမ်းဖက်မှုအဖြစ် ရှုမြင်ပြီး ယင်းလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း အသိပေးကြေညာသည်။
သတင်းထောက် မငြိမ်းချမ်းစုကြည်သည် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံထံ တိုင်ချက်ဖွင့်ခဲ့သော်လည်း သေချာနားထောင်ခြင်းမရှိဘဲ ကျူးလွန်သူဆိုသူအား ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
“ကျနော်တို့ရဲ့ တိုင်ချက် ပြောစကားနဲ့ ဖြစ်စဉ်ပြောပြချက်ကိုလည်းမြို့နယ်ပလဖတာဝန်ခံက သေချာနားမထောင်ခဲ့ပါ။တိုင်ချက်ယူစဉ်ကလည်း သူတို့ဖက်က ဥပဒေနားလည်တဲ့သူက လက်ခံပြီး ယူခဲ့တာ မဟုတ်ပါဘူး။အဲ့ဒီအချိန်မှာ တင်သင့်တဲ့ ပုဒ်မ ၁ ခုလိုသွားတာပါ။ မြို့နယ် ပလဖက အာမခံနိုင်တဲ့ပုဒ်မ ၂ ခုပဲ တပ်ပေးခဲ့တာဖြစ်လို့ ဒီနေ့ပဲ တရားခံကို ပြန်လွှတ်လိုက်တာပါ။ ဘယ်မျက်မြင်သက်သေကိုမှလည်း အခြေအနေ မေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။”ဟု မငြိမ်းချမ်းစုကြည်က ရေးသားသည်။
ယနေ့(ဒီဇင်ဘာ ၁၆ ရက်)တွင်လည်း မြို့နယ်ပလဖရုံးသို့ ထပ်မံသွားရောက်ခဲ့သော်လည်း ကျေနပ်လောက်သည့် ဖြေရှင်းမှုမျိုး မရရှိခဲ့ကြောင်း မငြိမ်းချမ်းစုကြည်က ရေးသားထားသည်။
“တရားခံပြောတာကို နားထောင်ပြီး အာမခံနဲ့ လွှတ်ပေးခဲ့တဲ့ မြို့နယ် ပလဖ တာဝန်ခံက ကျနော်တို့ ထပ်တပ်ချင်တဲ့ပုဒ်မကို တပ်မပေးတဲ့အပြင် အဲ့ဒီပြစ်မှုမမြောက်ဘူးလို့ ပြောခဲ့ပါတယ်။ တင်ချင်ရင် ခရိုင်ရဲကို တင်ပေးမှာဖြစ်ပြီး သူတို့က ပုဒ်မတပ်ခွင့်ရှိမရှိ ဆုံးဖြတ်ပေးမှ ကျနော်တို့က ပုဒ်မထပ်တင်လို့ရမှာလို့ ပြောနေပါတယ်။”ဟု မငြိမ်းချမ်းစုကြည်က ဆိုသည်။
သတင်းထောက်အမျိုးသမီးနှင့် သူ၏ပါတနာအပေါ် ဝင်းကျော်ဆိုသူ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချပြီး ထိုအမျိုးသမီးနှစ်ယောက်၏ အသက်လုံခြုံရေးစိုးရိမ်နေရသောကြောင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များက ကူညီပေးကြရန် မြေလတ်အသံ မီဒီယာက မေတ္တာရပ်ခံထားသည်။
ဝင်းကျော်ဆိုသူသည် ကရင်နီပြည်နယ်တွင်လည်း ယခုဖြစ်စဥ်ကဲ့သို့ပင် သတင်းထောက်နှစ်ဦးကို နှုတ်ဖြင့် ကြမ်းတမ်းစွာပြောဆိုပြီး ကိုယ်ထိလက်ရောက်ကျူးလွန်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ဖူးကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။
ထိုလုပ်ရန်အပေါ် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) အပြင် ဒေသဆိုင်ရာ တာဝန်ရှိသူများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း ထိရောက်သည့် အရေးယူမှုကို ဆောင်ရွက်ပေးရန် Myanmar Women in Media (MWiM)က တိုက်တွန်းထားသည်။