အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA) ၏ ဂွမြို့သိမ်းတိုက်ပွဲပိုပြင်းထန်လာချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်နေသည်။
ဂွမြို့နှင့် ဧရာဝတီတိုင်းမှ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့ ဆက်စပ်နေရာများ၌ မိုင်း အလုံးရေထောင်ချီ၍ ထောင်ထားသည့်သတင်းအတိအကျရထားသည်ဟုဒေသခံပြည်သူတစ်ဦးကပြောသည်။
“တော်လှန်ရေးရဲဘော်တွေက သိတယ်။ မသိတာက ဒေသခံပြည်သူတွေ။ တောထဲမှာ သစ်ခုတ်၊ ဝါးခုတ်သူတွေ ရှိတယ်လေ။ သူတို့တွေက မသိနိုင်ကြဘူး။ အဲ့ဒါက စိုးရိမ်စရာကောင်းတယ်” ဟု သာပေါင်းမြို့ခံတစ်ဦးကပြောသည်။
ဂွမြို့သည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက ဧရာဝတီတိုင်းဘက်မှမြို့နယ်များတွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေပြီး ရခိုင်ပြည်နယ်ဘက်မှထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကိုလက်မခံရန်လည်း ဒေသခံများအားဖိအားပေးနေသည်။
ထို့အပြင် စစ်သားများက ရိုးမတစ်လျှောက်၌ မိုင်းထောင်နေခြင်းမှာ ဒေသခံအရပ်သားများအတွက်စိုးရိမ်စရာဖြစ်နေသည်။ ရခိုင်ရိုးမနှင့် ပတ်ဝန်းကျင်မှ ကျေးရွာများသည် သစ်ခုတ်၊ ဝါးခုတ်ခြင်းဖြင့် အသက်မွေးနေကြရသည်။ ထို့ကြောင့်မိုင်းအန္တရာယ်သတိပေးမှုများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန် ဒေသခံအချို့က တိုက်တွန်းနေသည်။
ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြားသေဆုံးသလို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း AAက ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြားနေသည်။
ဂွမြို့သို့ စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၄ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။
ဂွမြို့တွင်းတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းများ၊လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိထားကြောင်း AAက ဒီဇင်ဘာလ၁၈ရက်ည၌ ထုတ်ပြန်ထားသည်။
AAသည် ဂွမြို့ကို သိမ်းပိုက်ပြီးပါက ဧရာဝတီတိုင်းအတွင်းသို့ မဟာမိတ်များနှင့်အတူ စစ်ဆင်ရေးစတင်နိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုများလည်းရှိနေသည်။