ရွှေတုံးနှင့် ရွှေထည်အချို့အပါအဝင် ကျပ်သိန်း ၈၀၀ခန့်ယူပြီး ဘင်္ဂလားဒေ့ရှ် ထွက်ပြေးရန် ကြိုးပမ်းစဉ် အသေဖမ်းမိခြင်းဖြစ်
ရှိုင်း/People’s Spring
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)မှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်၏ တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် အသိပေး ထုတ်ပြန်သည်။
မောင်တောမြို့၌ တခုတည်းကျန်နေသည့် နခခ(၅)ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ရက်တွင် အပြီးသိမ်းနိုင်ခဲ့ရာ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) မှ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးအပါအဝင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းစဉ် ဗိုလ်မှူးကြီး အောင်နေမျိုးကို (ဒီဇင်ဘာ ၁၇ရက်)တွင် အသေမိခဲ့သည်ဟု ဆိုသည်။
တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသား ကျပ်သိန်း (၈၀၀) ခန့်နှင့်အတူ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနီး ပုစွန်ကန် တဲအတွင်း၌ အသေဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
တပ်မမှူးသည် စစ်ကောင်စီတပ်နှင့် ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြသော ဒေသခံမူဆလင်များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့ကြောင်း၊ သို့သော် အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်သည်။
AA အနေဖြင့် နခခ(၅)မှ ထွက်ပြေး စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်းရာ ဒီဇင်ဘာ ၈ရက်ကလည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင်လည်း AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ် သိမ်းနိုင်ရေး ထိုးစစ်ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ချသူရာချီရှိနေသည်။ ထို့ပြင် အသက်ရှင် ကျန်ရစ်လိုပါက အမြန်ဆုံး အလံဖြူထောင်ရန် AAက တိုက်တွန်းနှိုးဆော် အသိပေးထားသည်။
AA သည် ရခိုင်ပြည်နယ် တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး သုံးညဆက်တိုက် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၆ရက်နှင့် ၁၇ရက် ညပိုင်းတွင် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ပကတိမြေပြင်အခြေအနေဟုဆိုကာ စစ်ကောင်စီတပ်သားများ အလံဖြူထောင် အညံ့ခံလာမှုနှင့် နပခဌာနချုပ်၏ ပျက်စီးနေသည့် မြင်ကွင်းရုပ်သံကို ထုတ်ပြန် အသိပေးခဲ့သည်။