ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်အား စီးနင်းတိုက်ခိုက်မှုတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း မအူပင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံက ပြောသည်။
ဒီဇင်ဘာ ၂၂ ရက်နံနက် ၁ နာရီက ညောင်လေးပင်မြို့၊ ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းနှင့် ကျောင်းစုရွာမှ ပျူခေါင်းဆောင် အောင်စိုးမိုး၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်စဥ် မအူပင် ပကဖ မြေပြင်လှုပ်ရှားတပ်ဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများအနက် ဂျောင်တာရွာ ဂိတ်စခန်းအား ဝင်ရောက်စီးနင်းချိန်၌ ဂိတ်အတွင်း စစ်ကောင်စီတပ်သား (၈)ဦးရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များမှ အင်အားအလုံးအရင်းဖြင့် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံချိန်မရဘဲ ဂိတ်စခန်းစွန့်ထွက်ပြေးသွားကြောင်း မအူပင် ပကဖ တာဝန်ခံက ပြောသည်။
“စကစတွေ ထွက်ပြေးသွားပါတယ်။ (ဂိတ်စခန်း)မျှော်စင်ပေါ် က MA3(သေနတ်)ရရှိတာပါ။ မျှော်စင်ပေါ်မှ တစ်ဦးတော့ ထိခိုက်ဒဏ် ရာရနိုင်ပါတယ်။ သွေးစက်တွေကျန်ခဲ့တယ်”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဂိတ်စခန်းမှ MA3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများရရှိခဲ့ပြီး ဂိတ်စခန်းကို မီးရှို့နိုင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များက အသိပေးသည်။
အလားတူ ဂိတ်စခန်းတည်ရှိရာ ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးအင်အားစုဆောင်း၍ စစ်သင်တန်းပေးနေသော ပျူစောထီးခေါင်းဆောင် အုပ်ကြီးအောင်စိုးမိုး၏နေအိမ် ဝင်ရောက်ပစ်ခတ်စဥ် လက်လုပ်ကိုးလုံးသေနတ် နှစ်လက်၊ လက်လုပ်သေနတ်အတုနှစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ရေးတိုက်ခိုက်မှုများအတွင်း ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး မိမိတို့ ပူး ပေါင်းတပ်ဖွဲ့များဘက်မှ တစုံတရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးထားသည်။
ဧရာဝတီတပ်ဖွဲ့များသည် စစ်မြေပြင်အတွေ့ အကြုံများ ရယူနိုင်ရေးနှင့် တိုက်ရည်ခိုက်ရည်မြင့်မားရေးအတွက် မဟာမိတ်အဖွဲ့များနှင့်အတူ နေရာအနှံ့အပြား၌ ပါဝင်လျှက်ရှိကြောင်း မအူပင်မြို့နယ် ပကဖ က အသိပေးသည်။
“ဟုတ်ကဲ့ပါ အဲ့အတွက် ကြိုးစားးနေတာပါ”ဟု မအူပင် ပကဖ တာဝန်ခံက ပြောသည်။
ဧရာဝတီအတွင်း စစ်ဗျူဟာစနစ်တကျ ပုံဖော်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ဖြင့် ရဲစွမ်းသတ္တိပြည့်ဝစွာ ထမ်းဆောင်နေကြောင်းလည်း အသိပေးထုတ်ပြန်သည်။
လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးများအနက် ဧရာဝတီတိုင်းသည် စစ်ကောင်စီတပ် စိုးမိုးအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စစ်အုပ်စုအာဏာသိမ်းသည့် ၄ နှစ်တာကာလအတွင်း စစ်ရေးတိုက်ခိုက်မှုအနည်းငယ်သာ ရှိခဲ့သည်။