Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မှာ ပြည်သူတွေအစုလိုက်သေဆုံးမှု စစ်တပ်က ကလေးအပါအဝင် ၃ဦး ပစ်သတ်၊ ၂၅ ဦးဟာ လေယာဉ်ဗုံးကြဲလို့ သေဆုံးတာလို့ NUG အသေးစိတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာမှာ ကလေးငယ် အပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၅ဦးဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအပါအဝင် တာဝန်ရှိသူတွေက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

(ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်ထံက ကယ်ထုတ်လာသူတွေကို PDFရဲဘော်တွေက ဆေးကူသမှုပေးနေစဉ်။ ဓာတ်ပုံ - MOD)

▪️စစ်တပ်စစ်ကြောင်းက ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်လူသားဒိုင်းလုပ်တာ၊ပြည်သူပိုင် ရွှေ၊ငွေတွေ ယူတာ၊ သတ်ဖြတ်တာတွေကို ကိုယ်တိုယ် ကြုံရတဲ့ဒေသခံတွေ ရှင်းပြ

မတ်-၁၄၊ ၂၀၂၆။ ရဲခေါင်၊ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာမှာ ကလေးငယ် အပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၅ဦးဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအပါအဝင် တာဝန်ရှိသူတွေက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ညောင်လေးပင်မြို့နယ်က ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းရွာတွေကို စစ်ကောင်စီက လေကြောင်း၊ ဒုန်း၊ လက်နက်ကြီးများ ပစ်ခတ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို မတ်လ ၁၄ရက်မနက်မှာ သတင်းစာရှင်းလင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းစကတည်းက အခုထိ ပြည်သူလူထုကို အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ အကြမ်းဖက်နေတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ စစ်အုပ်စုဟာအကြမ်းဖက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို အခုနှစ်ဆန်းမှာ လေကြောင်း အသုံးပြုတိုက်ခိုက် ကျူးလွန်တာတွေ ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ လည်း ဒုဝန်ကြီးက ပြောပါတယ်။

မတ်လ ၅ရက်မနက်မှာ စစ်တပ်ဟာ မနက်စောစော လုပ်ငန်းခွင်သွားရောက်ကြတဲ့ ဒေသခံ အရပ်သား ပြည်သူတွေကို ဖမ်းဆီးပြီး ဝင်လာတဲ့ အခြေအနေလို့ မြေပြင် PDF တပ်မှူးတစ်ဦးဖြစ်တဲ့ ကိုစောဒိုရှင်းက ပြောပါတယ်။

” ရန်သူဟာ ရန်သူလို စစ်ကြောင်းထိုး ဝင်လာရင်တော့ ကျနော်တို့မှာ တုန့်ပြန်ရတာ လွယ်ကူလေ့ရှိပါတယ်။ ဒီအခြေအနေမှာတော့ တချို့မှာ ထရော်မာရလို့ ကျနော်တို့ ပေးမပြောတဲ့ ပြည်သူတွေရှိပါတယ်။ ဓားစားခံ ဖမ်းပြီး နဖူးကို သေနတ်နဲ့ပစ်ပြီး တော့ လူသားဒိုင်း လုပ်ဓားစားခံလုပ်ပြီး ဝင်လာတဲ့ အခြေအနေမှာ ကျနော်တို့အတွက် အခက်အခဲရှိပါတယ်” လို့ ကိုစောဒိုရှင်းကပြည်သူကို ဓားစားခံလုပ်ဝင်လာတဲ့ စစ်တပ်ကို တိုက်ပွဲဖော်ရန် အခက်အခဲ ကြုံရမှုကို ရှင်းပြပါတယ်။

ပြည်သူတွေ ရိုက်နှက်သံတွေ ကြားနေရပြီး လှမ်းပစ်ရတဲ့ အကွာအဝေးမှာ စစ်သားတွေ ရှိပေမယ့် ပစ်မရတဲ့ အခြေနေလို့ ကိုစောဒိုရှင်းက ပြောပါတယ်။

” ကျနော်တို့ ပစ်လို့မရတဲ့သိတဲ့အခါ ကျနော်တို့ တည်နေရာတွေ ရှိနိုင်တဲ့နေရာတွေကို တောက်လျှောက် တောက်လျှောက် သူတို့ ပစ်မှတ်ပေးတယ်။ ပစ်မှတ်ပေးပြီးတော့ ကျနော်တို့က လုံး၀ အဝပ်သပ်သပ်ပေါ့။ ရှေ့ကပ်သွားလိုက် ဝပ်လိုက်ပေါ့။ ဒီကြားထဲမှာ ဒရုန်းတွေလာတယ် ကာမီကာဇယ်တွေလာတယ် ပြီးရင် လေယာဉ်တွေလာတယ်ပေါ့နော်။ အဲဒီလို အခြေအနေတွေ တောက်လျှောက်ကြုံရတယ်။ တဖက်မှာလည်း ရဲဘော်တွေကို ပြန်ထိန်းရတာပေါ့။ သူတို့ အရမ်း စိတ်ပူနေပြီ။ လက်ထဲမှာ ရှိနေတာ ပြည်သူတွေဖြစ်နေတာ အဲဒီ အခြေအနေမှာ အလျဉ်စလို မလုပ်မိဖို့နဲ့ တက်နိုင်သမျှ ပြည်သူတွေ ဘေးကင်းဖို့ ဆိုတဲ့ဟာမျိုးကို တော်တော်လေး အပူတပြင်းဖြစ်နေတဲ့ အခြေအနေ။ အဲဒီ အခြေအနေမှာ စိတ်မကောင်းစရာပေါ့” လို့ ကိုစောဒိုရှင်းက ပြောပါတယ်။

စစ်တပ် စဝိုင်းချိန် လွတ်ထွက်နေတဲ့ ပြည်သူတွေရှိပြီး အဲဒီ ပြည်သူတွေကို ကယ်ထုတ်ချိန်မှာ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပြပါတယ်။

” အဲဒီ ပြည်သူတွေကို ကယ်တဲ့ဆုတ်လမ်းဆိုတာရှိတယ်။ အဲဒီ ဆုတ်လမ်း ကမ်းစပ်တွေမှာဆိုရင် သူတို့က ရည်ရွယ်ချက်ရှိရှိ ဆင်ထားတာပေါ့နော် ပြည်သူတွေ ပြန်ထွက်နိုင်တဲ့ လမ်းကြောင်းတွေအကုန်လုံးကို နတ်သံကွင်းဘက်ကနေ ကာမီကာဇယ်တွေ တောက်လျှောက်လွှတ်တာ။ လွှတ်တဲ့ အချိန်မှာပဲ ပြည်သူတွေကို လှေပေါ် တွေ ဆိုင်ကယ်ပေါ်တွေ ကားပေါ်တွေ ကဗျာကရာ ကပ်ထုတ်တဲ့အချိန်မှာ ကျနော်တို့ ရဲ့ ဒရုန်းတပ်ဖွဲ့က ဒုတပ်ဖွဲ့မှူးတယောက်ကျသွားတယ်”လို့ ကိုစောဒိုရှင်းက သူ့ရဲ့အနီးဝန်းကျင်မှာပဲ ရဲဘော် ၁ဦး ကျဆုံးတာနဲ့ ပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေကို ပြောပြပါတယ်။

ဒါ့အပြင် အဲဒီဖြစ်စဉ်မှာ ပြည်သူအများအပြား သေဆုံးခဲ့ရတာဟာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အရေးပေါ် အခြေအနေတွေမှာပြည်သူတွေ တိမ်းရှောင်ဖို့ ဘေးကင်းစွာနေဖို့ ဒေသတွင်းမှာ ဗုံးခိုကျင်းတွေ ကြိုတင်စီစဉ်ထားပေမယ့် ဒေသခံတွေဟာ ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်ခိုလှုံစဉ် လေကြောင်း တိုက်ခိုက်ခံရပြီး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာလို့ ကိုစောဒိုရှင်းက ပြောပါတယ်။

ကနဦးထုတ်ပြန်ချက်မှာ သေဆုံးသူ ၄၀ကျော်ရှိတယ်ဆိုပေမယ့် စိစစ်အတည်ပြုချက်အရ သေဆုံးသူ ၂၈ဦး ရှိတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

” ၂၈ဦးမှာ ၂၅ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာ ဖြစ်ပြီး ၃ဦးက ပစ်သတ်ခံရတာပေါ့နော်။ သုံးဦး ပစ်သတ်ခံရတဲ့အထဲမှာ မျက်မြင်သက်သေ အကိုတယောက်ရဲ့ သားလေး ၁၃နှစ်အရွယ် သားလေး တယောက်ပါတယ်။ နောက်ပြီးတော့ စိတ်ကျန်းမာရေးမကောင်းတဲ့ တယောက်ပါတယ်။ နောက် PDF ရဲဘော်တယောက်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကြောင်းဝင်လာစဉ် ကိုယ်တိုင်ကြုံတွေ့ခံစားရတဲ့ ဒေသခံတွေကလည်း သတင်းစာရှင်းလင်းပွဲမှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ၂ဦးက သူတို့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့ရာ အဲဒီထဲမှာ စစ်တပ် ပစ်သတ်လို့ အသက်ဆုံးရှုံးရတဲ့ အသက် ၁၃နှစ်အရွယ် ကလေးငယ်ရဲ့ ဖခင်လည်း ပါဝင်ပါတယ်။

ကလေးငယ်ရဲ့ဖခင်ဖြစ်သူ ကိုမျိုး(အမည်လွှဲ)ဆိုသူက သူဟာ မနက်အစော အလုပ်သွားစဉ် စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရပြီး လက်ပြန်ကျိုးတုပ်ခံရပြီး မနက်ကတည်းကနေ ညနေအထိ မြေပြင်မှာ မှောက်လျက် နေထိုင်ခဲ့ရကြောင်း ပြောပြပါတယ်။

အဲဒီလိုမှောက်နေစဉ် စစ်သားတွေက စကားမပြောဖို့ ခေါင်းမထောင်ဖို့ နားမထောင်ရင် ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ၊ အဲဒီလို မှောက်နေစဉ်မှာပဲ သမီးငယ်ကို အခြားသူက သယ်သွားတာကိုတွေ့ရပြီး ဇနီးနဲ့ သားဖြစ်သူကို မတွေ့ရကြောင်း ၊ မအေနဲ့ သမီး အတူနေရမယ့် အခြေအနေမှာ အမေမပါလာတဲ့ အခြေအနေကို မှောက်လျက် အနေအထားနဲ့ စဉ်းစားခဲ့ရကြောင်း ပြောပြပါတယ်။ ညနေပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလို့ သားဖြစ်သူကို လိုက်ရှာခဲ့ကြောင်းလည်း သူက ပြောပါတယ်။

” ကလေးတယောက်တော့ပစ်သတ်လိုက်ပြီတဲ့။ ကလေးဆိုတော့ ထွက်ပြေးတဲ့ အပြေး။ မှန်တာဒူးလေးမှာ နှစ်ချက်ပဲ အစမှန်တာ ပဲရှိတယ်။ ကျောကုန်းမှာ ကျနော့်သားကို ကျနော် အင်္ကျီလှန်ကြည့်တော့ ကျောကုန်းမှာ နှစ်ချက်။ ကလေးထွက်ပြေးလို့။ သူတို့ စက်ထဲမှာ ပြောတာ တာကျနော်ကြားတယ်။ ကလေးတယောက်တော့ ပစ်သတ်လိုက်ပြီဆိုပြီးတော့။ ကလေးက ကျောင်းကနေ ဘုရာကိုက စောင်းတန်းထဲက ပြေးရတာ။ ကျနော်က ဘာကို ရင်နာလဲဆို တော့ ကျနော်သားလေးကို အဲဒီလို ပစ်သတ်လို့ တအားရင်းနာတာ။ အပြစ်မဲ့ ကလေးလေးပါဗျာ။ PDF လည်း မဟုတ်ပါဘူး” လို့ ကိုမျိုးဖြစ်သူက သားဖြစ်သူ အသက်သေဆုံးခဲ့ရမှုကို ပြောပြပါတယ်။

သားဖြစ်သူကို ရှာခဲ့တဲ့ အခြေအနေကိုလည်း ကိုမျိုးက ငိုယိုရင်း အခုလို ပြောပြပါတယ်။

“သူ့လွယ်အိတ်ထဲမှာ သူ့ညီမ အဝတ်အစားတွေနဲ့ ပိုက်ဆံသုံးသိန်းနဲ့ ဖုန်းနှစ်လုံးနဲ့ ။ ကျနော်လိုက်ရှာတော့ ခွေးရူးလိုပဲ လိုက်ရှာတော့ အဲဒါ သွားတွေ့တော့ ကျနော့်မှာ ရင်ကွဲမတက်ခံစားရတယ်။ မိန်းမက သေသွားတာသိပြီ။ ဒီကလေးလေးကို ဒီလို ပစ်သတ်တာကို ကျနော် တော်တော်ခံစားရပါတယ်။ အခုဆိုရင် ကျနော်ကိုယ်တိုင် သင်္ဂြိုလ်ခဲ့ရတာ။ ကျနော်တို့သင်္ဂြိုလ်ခဲ့ပြီးတော့မှ လာရတဲ့ ဘ၀ ဆရာတို့တွေ ထုတ်ပေးလို့ ထွက်ရတဲ့ဘ၀။ ဆရာတို့တွေ ထုတ်ပေးလို့ ထွက်ရတဲ့ဘ၀။ အဲဒီလို ဝေဒနာကို ခံစားရတာပါ။ ကျနော်သိသလောက် ကျနော်မြင်သလောက်ကတော့ ဒါအကုန်ပါပဲ”လို့ ကိုမျိုးက ပြောပြပါတယ်။ တနှစ်ခွဲသမီးလေးက ဒဏ်ရာရထားလို့ ဆေးကုသနေရတယ်လို့လည်း ကိုမျိုးက ပြောပြပါတယ်။

အခြားမျက်မြင်သက်သေ အမျိုးသားတစ်ဦးကလည်းသူ့ရဲ့အတွေ့အကြုံကို ပြောပြရာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ပြည်သူတွေရဲ့ ရွှေငွေတွေ ယူဆောင်တဲ့ အကြောင်းကို အခုလို ပြောပြပါတယ်။

သူဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မြေချဖိုပ မြေတူးတဲ့ အဖွဲ့မှာပါတဲ့ အကြောင်း ပြောပြပါတယ်။

” ၆ရက်နေ့ကျတော့ လူသေတွေဆီက နားဒေါင်းတွေရောဘာတွေရော အကုန်လုံးဖြုတ်သွားတယ်။ ပိုက်ဆံတွေရော အကုန်လုံးယူသွားတယ်။ ကျနော်တို့ မသာချတော့ သွားကြည့်တော့ မရှိတော့ဘူး။သေတဲ့နေ့က နားဒေါင်းတွေရော အကုန်လုံးပါသွားကြတယ်။ နောက်နေ့ကျမှ ကျနော်တို့ သွားမြှုပ်တဲ့ အခါကျတော့ နားဒေါင်းတွေလည်းမရှိတော့ဘူး” လို့ အဲဒီ အမျိုးသားက ပြောပြပါတယ်။

ဒါ့အပြင် စစ်သားတွေဟာ ဒေသခံတွေကို ရွှေငွေလက်ဝတ်ရတနာတွေ အဓမ္မယူဆောင်တဲ့ အခြေအနေတရပ်ကိုလည်း အခုလိုပြောပြပါတယ်။

ဒေသခံတွေ ပုန်းအောင်းနေရာ တခုဆီကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပုန်းကျင်းထဲက ထွက်ခိုင်းကြောင်း ပြောပြပါတယ်။

“ပုန်းကျင်းထဲက အကုန်ထွက်ဆိုလို့ ထွက်လည်းထွက်ရော သူတို့က လူရှိတဲ့သူဆီ သွားစုလို့ ပြောတယ်တဲ့။ သူတို့ လာလည်းလာရော နားဒေါင်းတွေရော ဆွဲကြိုးတွေရော ပိုက်ဆံတွေရော အကုန်လုံးယူထားလိုက်တယ်။ အဲဒီရှေ့မှာ ပုံထားလို့ပြောတယ်။ ထမီကအစ အကုန်လုံးခါချထိုင်းတယ်။ ခါချပြီးတော့ အကုန်လုံးခါပေးထားခဲ့ပြီး အဲဒါဆို လူရှိတဲ့နေရာသွားစုဆိုပြီး သူတို့ အဖွဲ့တွေက ငိုယိုပြီးတော့ ကျနော်တို့ဆီလာတာ” လို့ အဆိုပါအမျိုးသားက ပြောပြပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း သူ့အတွေ့အကြုံကို ပြောပြရာမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေကို လက်ပြန်ကြိုးတုပ်မှောက်နေခိုင်းတာ၊ ခြေထောက်နဲ့ကန်လို့သွားတွေကျွတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ကျေးရွာအတွင်းတိမ်းရှောင်နေရာမှ ထွက်ပြေးရာ တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေရဲ့ အကူအညီနဲ့ ဘေးကင်းရာ သွားရောက်ခဲ့တဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။

PDF တပ်မှူး ကိုစောဒိုရှင်းကလည်း ပြည်သူအများအပြားကို ဓားစားခံလုပ်ဆောင်ထားတဲ့ အခြေအနေပေါ် စစ်ဆင်ရေး ပြုလုပ်ကယ်ထုတ်ဖို့ ဆောင်ရွက်ခဲ့တာတွေကိုလည်း ပြောပြပါတယ်။

မဟာမိတ် KNLA ဘက်က တပ်ရင်း ၂ရင်း ပါဝင်သလို MODဘက်က ပဲခူးတိုင်းစစ်ဒေသ ဗျူဟာ ၂၅၊ ၂၆၊ ဒရုန်းတပ်ဖွဲ့တွေ အတူပူးပေါင်း ပြီး သာမန် စစ်ရေးနဲ့ မတူတဲ့ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရတာလို့ ပြောပါတယ်။

ပြည်သူတွေဓားစားခံ ဖမ်းခံထားရချိန် ရန်သူ စစ်ကောင်စီအနားထိ ကပ်ပြီး စစ်ရေး ဖော်ဆောင်ခဲ့ရတာဖြစ်လို့ တပ်ခွဲမှူးအဆင့် ပါဝင်တဲ့ ရဲဘော်တွေ ၁၁ဦး ကျဆုံးခဲ့ပြီး PDF ဘက်က ၉ ဦး၊မဟာမိတ် ၂ဦး ကျဆုံးခဲ့ရဟု ကိုစောဒိုရှင်းက ပြောပါတယ်။ ကျဆုံးရဲဘော်တွေဟာ အနီးကပ်ကျည်ကြောင့် ကျဆုံးခဲ့ရတာ ပါသလို ဒရုန်းတိုက်ခိုက်ခံရလို့ ကျဆုံးခံရတာတွေလည်း ရှိတယ်လို့ အသိပေးပါတယ်။

” အဆိုးထဲက အကောင်းအနေနဲ့ကတော့ ဒီပြည်သူ ၃၀၀ ကျော်ကို ကယ်လိုက်နိုင်တာက ကျနော်တို့ အတွက်တော့ အဆိုးထဲက အကောင်းလုပ်လိုက်နိုင်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ ကိုစောဒိုရှင်းက ပြောပါတယ်။ ဒဏ်ရာရ ပြည်သူတွေကို လုံခြုံရာနေရာမှာ ဆေးကုသမှု ပြုလုပ်ထားသလို စားနပ်ရိက္ခာ ထောက်ပံ့ပေးထားတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီဟာ နယ်မြေချဲ့ထွန်နိုင်သမျှ လုပ်နေတာဖြစ်ပြီး ပြည်သူတွေကို အခုလို တိုက်ခိုက်သတ်ဖြတ်တာ အပါအဝင် နည်းမျိုးစုံ သုံးတာ ၊ သူတို့ တပ်ဖွဲ့ဝင်တွေကို စတေးတာ စတဲ့ ဘယ်နေရာဒေသမှာ မဆို လုပ်ဆောင်နေတဲ့ ပုံစံမျိုး ညောင်လေးပင် ဒေသမှာ ဖြစ်ခဲ့တာလို့ ကိုစောဒိုရှင်းက ပြောပါတယ်။

လက်ရှိ ဒေသတွင်း အခြေအနေက စစ်ဆိုင်ထားဆဲ ဖြစ်ကြောင်းလည်း ကိုစောဒိုရှင်းက ပြောပြပါတယ်။

“တရားဝင်မှု ရဖို့အတွက်ကို ဘီလူးခေါင်းဆောင်းပြီး သူတို့(အာဏာသိမ်းစစ်တပ်) ပွဲကြမ်းနေအုံးမှာပဲ။ ဒီအခြေအနေမှာ ဘယ်ဒေသမဆို သူတို့က ဒီလို အကြမ်းဖက်မှုတွေ ဆက်လုပ်သွားအုံးမှာလို့ မြင်ပါတယ်။”လို့ ကိုစောဒိုရှင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China Southern Power Gridနဲ့ စစ်တပ်ရဲ့စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။