Connect with us

Hi, what are you looking for?

သတင်း

MNDAA က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိစစ်သုံ့ပန်း ၂၀၀ ​ကျော်ကိုထပ်မံလွှတ်ပေး

စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့်သတင်းနှင့်ပတ်သက်၍ MNDAAကရော စစ်ကောင်စီကပါ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

(MNDAA ကသြဂုတ်လကုန်ပိုင်းတွင် စစ်သုံ့ပန်းများကို ပြန်လွှတ်​ပေးရန် ပြင်ဆင်​နေစဥ်။ ဓါတ်ပုံ-MNDAA)
(MNDAA ကသြဂုတ်လကုန်ပိုင်းတွင် စစ်သုံ့ပန်းများကို ပြန်လွှတ်​ပေးရန် ပြင်ဆင်​နေစဥ်။ ဓါတ်ပုံ-MNDAA)

အိမ်သွင်/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်များကိုMNDAAက ပြန်လွှတ်ပေးနေပြီး ယနေ့(ဒီဇင်ဘာ ၂၆) နံနက်ပိုင်းတွင် သုံ့ပန်း ၂၀၀ ကျော်ကို နမ့်လန်မြို့သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

MNDAA နှင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်က တရုတ်ကြားခံ၍ ဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ စစ်သုံ့ပန်းနှင့်မိသားစုများပြန်လွတ်ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းရင်းမြစ်က ပြောသည်။

“စစ်သုံ့ပန်းတွေက ကိုးကန့်အတွက်တော့ ဝန်ထုပ်ဝန်ပိုးပဲ။ ဆက်တိုက်ပြန်လွှတ်ပေးပါလိမ့်မယ်။ သူတို့ထိန်းထားပေးရတာ ထောင်ချီရှိတယ်လေ”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

MNDAAက လားရှိုးမြို့ နှင့် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ်လ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ်(၁) စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့နှင့်အတူ စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင် ၄,၇၀၀ ကျော်ကိုဖမ်းမိထားသည်။ သြဂုတ်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစုဝင် ၈၀၀ ကျော်ကို ပြန်လွတ်ပေးခဲ့ဖူးသည်။

တရုတ်နိုင်ငံ၏ တိုက်တွန်းမှုကြောင့် စတင်အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်မဟုတ်ကြောင်း MNDAA ကဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် လားရှိုးမြို့ဖွံ့ဖြိုးရေးကိုလုပ်ဆောင်နေသည်။သို့​ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ချက်တွင် MNDAA အနေဖြင့် မြန်မာပြည်မှ ခွဲထွက်မည်မဟုတ်ကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။စစ်ကောင်စီဘက်က မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်မှထိုးစစ်ဆင်မှုများ ရပ်ဆိုင်းပေးရန်အပြင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံသော်လည်း ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်ထားသည်ဟု ထုတ်ပြန်ထားသည်။

ယခုတကြိမ် စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့်သတင်းနှင့်ပတ်သက်၍ MNDAAကရော စစ်ကောင်စီကပါ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။