နိုင်ပကောင်း/People’s Spring
ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရယူရာမှာ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကပြောပါတယ်။
မာနယ်ပလော ပြန်လည်ရရှိတဲ့အပေါ် ပဒိုစောကလယ်စေး ရဲ့ ပြောကြားချက် ဗီဒီယို ကို KNU ဗဟိုက ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ကတော့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ကျွန်တော်တို့ ပြန်လည်ကာကွယ်နိုင်တဲ့အခွင့်အလမ်း ကျွန်တော်တို့လက်ထဲ ပြန်ရောက်လာတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
KNU ဌာနချုပ်ဟောင်း မာနယ်ပလော ဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက်မှာ KNU ရဲ့ ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူလိုက်ပြီး မာနယ်ပလောမှာ စစ်တပ်စခန်းတွေ ကင်းစင်သွားတာပါ။
နို့ဒေးစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့ တပ်ရင်းမှုး ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးကို KNU က ဖမ်းမိခဲ့ပြီး လက်နက်ကြီး ၊လက်နက်ငယ် အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
မာနယ်ပလောဒေသက KNU တပ်မဟာ (၇) နယ်မြေမှာ တည်ရှိပြီး အဲဒီဒေသအတွင်း တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို ၂၀၂၄ ခုနှစ် ၊နှစ်လယ်ပိုင်းကစပြီး KNU က ထိုးစစ်ဆင်ခဲ့တာပါ။
လက်ရှိမှာ ဌာနချုပ်ဟောင်းနေရာအပြင် ကရင်ပြည်နယ်က ကျိုက်ဒုံမြို့၊ စုကလိမြို့ ၊ လေးကေကော်မြို့ ၊ ဖာပွန်မြို့ နဲ့ သင်္ကန်းညီနောင်ဒေသတွေကို KNU က သိမ်းယူနိုင်ခဲ့ပါတယ်။