ရောင်နီ/People’s Spring
ယနေ့ကျရောက်သည့် တရုတ်နှစ်ကူးနေ့တွင် ရန်ကုန်မြို့၊ တရုတ်တန်းဝန်းကျင်နေရာများ၌ ယာဉ်ကြောပိတ်ဆို့မှုများ တစ်နေ့လုံးကြုံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“ကမ်းနားလမ်းမှာလည်း မနက်ကတည်းက ပိတ်တာ။ ၄၅ မိနစ်လောက်ကိုကြာတယ် “ဟု YBS -58 ယာဉ်မောင်းတစ်ဦးက ပြောသည်။
ကမ်းနားလမ်းပေါ်ရှိ ခိန်ဟုတ် ဗုဒ္ဓဘာသာဘုရားကျောင်းပတ်ဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှုအဆိုးဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
“အနော်ရထာလမ်းပေါ်မှာဆိုရင် ပန်းဆိုးတန်းလောက်ကစပိတ်တာ။ မနက်ကတည်းကပဲ” ဟု အထက်ပါ YBS-58 ယာဉ်မောင်းက ၎င်းတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံကို ပြောသည်။
ထို့ပြင် တရုတ်နှစ်ကူးပွဲတော်ကို မဟာဗန္ဓုလလမ်းတစ်လျှောက် လမ်းမတော်လမ်းမှ စတင်၍ ပွဲဈေးတန်းပြုလုပ်လျက်ရှိရာ ယင်းလမ်းကြော၌ ပြေးဆွဲသည့် YBSကားများ အခြားလမ်းကြောင်းများမှ ပြေးဆွဲနေရသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ညနေပိုင်းအထိလည်း တရုတ်နှစ်ကူးပွဲကိုလာရောက်သူများများပြားသောကြောင့် ညအချိန်အထိ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
ယင်းဈေးပွဲတော်သို့လာရောက်သူများအနက် ကားပိုင်ရှင်များသည် အနော်ရထာလမ်း၊ ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းစသည့် လမ်းမများပေါ်တွင် ဘေး၌ကပ်၍ရပ်ခဲ့သည့် ဖြစ်စဉ်များကြောင့်လည်း လမ်းပိတ်ခဲ့ခြင်းဖြစ်သည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
