မေ-၉၊ ၂၀၂၆။ တာရာ/People’s Spring
အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ညနေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။
အပျော်တမ်းအပြေးပြိုင်ပွဲကို Night Run လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲစတင်ချိန်က ညနေပိုင်းဖြစ်တာကြောင့် ညနေရုံးဆင်းချိန် အိမ်ပြန်တဲ့ အခြေခံပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်လို့ ရုံးဝန်ထမ်းတချို့က ပြောပါတယ်။
ပြိုင်ပွဲကို မြို့တွင်းခြောက်မြို့နယ်အပါအဝင် ဆူးလေဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းပိုင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စုံတစ်ရာမရှိဘဲ အဲဒီလမ်းပိုင်းတွေ ပိတ်ခဲ့တာကြောင့် သွားလာသူတွေ ဒုက္ခရောက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
“သူတို့လူချမ်းသာတွေလုပ်တဲ့ပွဲ။ လမ်းပိတ်မယ်ဆိုလည်းကြေညာလေ။ ကိုယ်တွေလည်းအလုပ်ဆင်းချိန်တော့ အိမ်အရောက်ပြန်ချင်တာပေါ့။ အခုဟာက လမ်းတွေအကုန်ပိတ်ချလိုက်တာ ခုချိန််ထိအိမ်ပြန်မရောက်သေးဘူး။ သက်သက်ဒုက္ခပေးတာ”လို့ ရုံးဝန်ထမ်းတစ်ဦးက မေလ ၉ ရက်ညပိုင်းမှာပြောပါတယ်။
Yangon Heritage Night Run အပြေးပြိုင်ပွဲမှာ ၁၅ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ နှစ်မျိုးပြုလုပ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲပြေးလမ်းကြောင်းမှာ ပါဝင်နေတဲ့လမ်းတွေကို ပိတ်လိုက်တာကြောင့် ယာဥ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
“ညနေ ၅ နာရီခွဲ၊ ၆ နာရီ တကယ့်ကို ရုံးဆင်းချိန်ကိုမှ လမ်းတွေပိတ်လိုက်တော့ ရုံးပြန်တဲ့ပြည်သူတွေ တော်တော်က္ခရောက်ရပါတယ်။ YBS တွေလည်း ကွေ့ပတ်မောင်းရတော့ လှည်းတန်းကနေ ဗိုလ်တထောင်ဘက်ကို ၂ နာရီနီးပါး ကားစီးလိုက်ရပါတယ်။ မှတ်တိုင်အတိအကျမရောက်တော့ အိမ်ကိုလမ်းလျှောက်ပြန်ရတယ်။ လမ်းတလျှောက်လုံး ရဲနဲ့ စစ်သားတွေ ရှိနေတော့ ပေါ်တာဆွဲမလား ဆိုပြီး ပြန်ရတာနောက်ကျောမလုံသလို ခံစားရပါတယ်။ ပွဲက စကစနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စီစဥ်တယ်လို့ သိရပြီး ပြေးလမ်းသွားတဲ့လမ်းတလျောက်က ရဲကား၊ စစ်ကားတွေ တောက်လျှောက်ရပ်ထားတာ တွေ့ခဲ့ပါတယ်”လို့ ရန်ကုန်မြို့နေလူငယ်တဦးက ဆိုပါတယ်။
Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။
စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စွပ်စွဲပါတယ်။



















































