Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲ စစ်ကောင်စီ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ဟု TNLA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၂၃ရက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီ လေကြာင်းတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်စဉ်။ ဓာတ်ပုံ - TNLA

◾️TNLA ရဲဘော် ၁၀ဦးထိခိုက်ခဲ့ပြီး ၄ဦး ဒဏ်ရာပြင်းထန်

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၂၃ရက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားနေချိန် ယမန်နေ့ နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ TNLAတပ်သား ၁၀ဦး ထိခိုက်ဒဏ်ရာရပြီး လေးဦးဒဏ်ရာပြင်းထန်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် TNLAတပ်သားများ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်သည့်အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် ယခုလအတွင်း အရပ်သားပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ခုနစ်ဦးသေဆုံးကာ ၁၅ဦး ထိခိုက်ဒဏ်ရာရှိခဲ့ဟုလည်း အသိပေးသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် ၁၁လုံးလည်း ထိမှန် ပျက်စီးခဲ့ဟု ဆိုသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကာလ နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲတွင်လည်း လေကြောင်းမှအဆိပ်ဗုံးများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတိုက်ပွဲတွင်လည်း စစ်ကောင်စီက ဓာတုအဆိပ်ဗုံးအသုံးပြု တိုက်ခိုက်ခဲ့၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲဘော်များ အဆိပ်သင့် ဝေဒနာများ ခံစားခဲ့ရဟု PNLAက ယခင် ၂၀၂၄အတွင်းက အသိပေးထားသည်။

တအာင်းဒေသအပြင် ကချင်နှင့် ရက္ခိုင်၊ ကရင်၊ ကရင်နီဒေသများနှင့် နိုင်ငံတဝန်း အခြားဒေသများတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း ဆိုင်ရာများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသိပေး ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လေကြောင်းရန်ကာကွယ်မှုများအနက် ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များလည်း ဖော်ပြထားသည်။

စစ်ပွဲများတွင် သမားရိုးကျ လက်နက်များဖြင့်သာမကဘဲ အဆိပ်သင့် စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ် ခြင်းကြောင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအပြင် အရပ်သားများပါ သေကျေ ဒဏ်ရာရလေ့ရှိကြောင်း၊ ဓာတုလက်နက်များမှ အဆိပ်များသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့် စသည်ဖြင့် ပုံစံမျိုးစုံနှင့် တည်ရှိနိုင်ကြောင်း ဖော်ပြသည်။

၎င်းတို့၏ ဘေးအန္တရာယ်ကို သာမန်အဝတ်အစားများ လုံခြုံစွာ ဝတ်ဆင်ခြင်းဖြင့် မကာကွယ်နိုင်သည့် အပြင် ဓာတုလက်နက် ကျရောက်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကိုကြည့်ရှုခြင်း မပြုလုပ်ရဟု အသိပေးသည်။

အဆိုပါ အဆိပ်ဓာတ်များကို ထိတွေ့၊ ရှူရှိုက်၊ မျိုချမိပါက အရေပြား၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်း နှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ကြောင်း ကာကွယ်ရေးဌာနက အသိပေးသည်။

ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ်အူလမ်းကြောင်းနှင့် ကြွက်သား အဖွဲ့အစည်းတို့ကို ထိခိုက်ပျက်စီးစေတတ်ကြောင်း၊ ထို့ကြောင့် ထိခိုက်ဒဏ်ရာမရှိသော်လည်း အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားသော ဒဏ်ရာနှင့် မသက်ဆိုင်သော ဝေဒနာခံစားနေရသူများ၊ ခန္ဓာကိုယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘဲ လူအများအပြား ရုတ်ချည်း သေဆုံးမှုများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်နှင့် အ‌ငွေ့တို့ကို တွေ့ရှိရပြီး အဆိပ်သင့်လက္ခဏာများ ပြသလာလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်ကြောင်း ဖော်ပြသည်။

အဆောက်အအုံပြင်ပ သို့မဟုတ် ဟင်းလင်းပြင်နေရာများတွင် ဓါတုလက်နက်ကျရောက်ပါက လုပ်ဆောင်ရန်များ ကို ထုတ်ပြန်ခဲ့ရာ စိတ်တည်ငြိမ်စွာထားရန်၊ ဓာတုလက်နက် ကျရောက် ထိမှန် ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း မပြုလုပ်ရန် အကြံပြုထားသည်။

ဓာတုဓာတ်ငွေ့၊ အရည် သို့မဟုတ် အမှုန်များနှင့် ဝေးရာဘက်သို့ ပြေးထွက်ရန်၊ လေတင်ဘက်နေရာ၊ အမြင့်ပိုင်းနေရာရှိ လုံခြုံသော အဆောက်အအုံ အတွင်းသို့ ရောက်အောင် သွားသင့်ကြောင်းနှင့်မိသားစုနှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ တစ်ပါတည်းခေါ်ဆောင်သွားရန် အကြံပြုသည်။

ထို့အပြင် အဆောက်အအုံအတွင်း ရောက်လျှင် လေဝင်လေထွက်ပေါက်များ၊ တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ် ထားရန်၊ ပန်ကာများ၊ လေအေး ပေးစက် များနှင့် လေပူပေးစနစ်များ ပိတ်ထားရန်နှင့် ရေဒီယို၊ ဖုန်း၊ အင်တာနက်မှ သတိပေးချက်များကို နားထောင်ရန် ဖော်ပြထားပြီး ဘေးအန္တရာယ် ကင်းရှင်းမှသာ အပြင်ထွက်ရန် အကြံပြုထားသည်။

ထိတွေ့မှုရှိခဲ့ပါက ဝတ်ဆင်ထားသော အဝတ်အစားများကို ဖယ်ရှား၍ ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်သွင်းရန်၊ ရေနှင့် ဆပ်ပြာများများသုံး၍ ဓာတုပစ္စည်းများ ဆေးကြောသန့်စင်‌ခြင်း ဆောင်ရွက်ရန်၊ “ဆေး – သုတ် – ဆေး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဆေးကြောသန့်စင်‌ရန် နှင့် အဆိပ်သင့်လက္ခဏာများ ရှိမရှိကို စောင့်ကြည့်ရန် ဖော်ပြထားသည်။

ထို့အပြင် အဝတ်အစားသစ်လဲလှယ်ဝတ်ဆင်ရန်နှင့် အဆိပ်သင့်လက္ခဏာများ မပြသေးသော်လည်း ထိတွေ့မှုရှိခဲ့ပါက ကျန်မာရေးစောင့်ရှောက်မှု ပေးနိုင်သည့် နေရာတွင် သွားရောက်ပြသသင့်ကြောင်း အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။