Connect with us

Hi, what are you looking for?

သတင်း

မန်တုံတွင် KIA နှင့် TNLA မြေပြင်တပ်ဖွဲ့များကြား ပဋိပက္ခထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ၊မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့များကြား ဖေဖော်ဝါရီ ၂၇ရက်က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့သည်။

နှစ်ဖက်တပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ လကုန်ပိုင်းတွင် နှစ်ဖက်တပ်မှူးများညှိနှိုင်း​ဆွေး​နွေးသ​​ဘောတူခဲ့စဥ်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့များကြား ဖေဖော်ဝါရီ ၂၇ရက်က ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၂၃ရက် က KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ(၄) တပ်ရင်း(၃၄) လက်အောက်ရှိ KIA ၏ လောက်ကျယ်၊ ရော်ကျိန်း၊ မန်ဖန်ဂိတ်စခန်းများနှင့် KIO မန်ပွန်းတိုက်နယ်ရုံးကို တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များက အင်အားသုံစီးနင်းပြီး လက်နက်များသိမ်းဆည်းခဲ့သည်။အဆိုပါဖြစ်စဉ်အပေါ် ညှိနှိုင်းဖြေရှင်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၂၇ရက် နေ့လည် ပိုင်းတွင် မန်တုံမြို့နယ် မန်မောက်ရွာရှိ KIA တပ်ရင်း(၃၄) တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သည့် ပြဿနာဖြစ်ခဲ့ဟု ကချင်သတင်းရင်းမြစ် အချို့ကပြောသည်။

ဖေဖော်ဝါရီ ၂၃ရက်က မန်တုံ၌ဖြစ်ပွားခဲ့သည့် KIAနှင့် TNLA ​တပ်ဖွဲ့ဝင်များအကြား ပြဿနာ နှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား မေးမြန်းရာ ခရီးလွန်နေ၍ ခရီးပြန်ရောက်မှ ဆက်သွယ်မည်ဟု ဖြေကြားသည်။ ​ဖေ​ဖော်ဝါရီ ၂၇ ရက်​နေ့က မန်တုံ၌ ထပ်မံ ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပက်သက်၍ လည်း TNLA ပြောရေးဆိုခွင့်ရှိသူ ထံ ထပ်မံ မေးမြန်းရန်ကြိုးစား​​သော်လည်းအဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

နှစ်ဖက်တပ်ဖွဲ့ဝင်များကြား ပဋိပက္ခဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ လကုန်ပိုင်းတွင် နှစ်ဖက်တပ်မှူးများညှိနှိုင်း​ဆွေး​နွေးသ​​ဘောတူခဲ့စဥ်။ ဓါတ်ပုံ-CJ

TNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ထပ်မံ မေးမြန်းရန်သာ ပြောသည်။

အလားတူ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း မန်တုံ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ကြိုးစား​နေ​သော်လည်း အဆက်အသွယ်မရ​သေးပါ။

ပဋိပက္ခဖြစ်စဉ်တွင် TNLA တပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် KIA တပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြသည်။ TNLA တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ၊မရှိ မေးမြန်းရာ အတိအကျ မသိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ကချင်သတင်းရင်းမြစ်အချို့၏ ​ပြောကြားချက် နှင့် ကချင်သတင်းဌာနအချို့၏ ဖော်ပြချက်တွင် မန်တုံဖြစ်စဉ်၌ KIA တပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု ​ဖော်ပြကြသည်။

နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်မှု အ​ခြေအ​နေ အ​သေးစိပ်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ထို့အပြင် ဒဏ်ရာရ ရဲဘော်များအား တွေ့ခွင့်မရသေးသည့် အခြေအနေကို “ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး။” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။သတင်းရင်းမြစ်အချို့က ဒဏ်ရာရ KIA တပ်ဖွဲ့ဝင်များကို TNLA ဘက်က​ဆေးကုသ​ပေး​နေသည်ဟု​ပြောသည်။သို့​သော် အဆိုပါအ​ခြေအ​နေကို သီးခြားအတည်မပြုနိုင်​သေးပါ။

အခြား KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဖြစ်စဉ် ဖြစ်ပွားမှုကို အတည်ပြုပြီး“အဲဒီမှာ KIA တွေနေထိုင်တဲ့တပ်ဖြစ်တယ်။ ဟိုးနဂိုရ်ကတည်းကလည်းရှိတယ်”ဟုပြောသည်။

ယခုကဲ့သို့ ပြဿနာဖြစ်ပွားမှုနှင့်တပ်သက်ပြီး KIO ဗဟိုက KIA တပ်ဖွဲ့ဝင်များအား စိတ်ရှည်သည်းခံ ရန်၊ သေနတ်မဖောက်ရန်၊ ဆွေးနွေးရန်သာ ညွှန်ကြားနေဆဲဖြစ်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

“KIO အစိုးရ ဗဟိုဘက်ကတော့ မိမိတို့ တပ်ဖွဲ့ဝင်တွေကို မဟာမိတ်စည်းဆက်ထိန်းထားခိုင်းတယ် အခုထိပေါ့”ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။

TNLA သတင်းပြန်ကြားရေးဌာနအနေဖြင့် ဒေသတွင်း သတင်းများ ၊ စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်များကို ပုံမှန်သတင်းဖော်ပြလေ့ရှိသော်လည်း KIAနှင့် မဟာမိတ်အချင်းချင်းအကြား ပြဿနာနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်း၊ သတင်းဖော်ပြခြင်း မရှိသေးပေ။

စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က နိုင်ငံရေးရင့်ကျက်သည့် အဖွဲ့များအနေဖြင့် မဟာမိတ်အချင်းချင်းအကြား ပြဿနာများကို စားပွဲဝိုင်း၌ ဆွေးနွေး အဖြေရှာခြင်းကို ဦးစားပေးသင့်ဟု အကြံပြုသည်။

“ကျနော်စိုးရိမ်တာက လူမျိုးရေး မုန်းတီးမှုတွေ ဖြစ်လာမှာကိုပဲ အထူးစိုးရိမ်မိပါတယ်” ဟုဦးဇော်ဆန်က ပြောသည်။

တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားနေမှုကို စစ်ကောင်စီက ဝမ်းသာနေမည်ဟုလည်း၎င်းက ပြောသည်။

“ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရအုံးမယ်။ TNLAနဲ့ KIA ကြား တိုက်ပွဲဖြစ်လာမယ်ဆိုရင်ရှမ်းမြောက်ကတော့ သွေးချောင်းစီးတဲ့စစ်မီးထလောင်သလို ဖြစ်သွားနိုင်ပါတယ်။ တိုက်ပွဲမဖြစ်တာ အကောင်းဆုံးပါ။ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးပါ။ စကစကို အရင်ပြီးအောင် တိုက်သင့်ပါတယ်” ဟုလည်း ဦးဇော်ဆန်ကပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အပါအဝင် ဒေသအချို့၌ KIAနှင့် TNLA တပ်ဖွဲ့များအကြား နယ်​မြေဆိုင်ရာ အငြင်းပွားပြီး အချင်းများမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များကြား တစ်ဦးချင်း လက်ချည်ဗလာ စိန်​ခေါ် ထိုးကြသည်အထိဖြစ်ခဲ့သည်။

အဆိုပါ အခြေအနေကို KIA နှင့် TNLA တို့၏ သက်ဆိုင်ရာ တပ်မှူးများ ဇန်နဝါရီလ ၃၁ ရက်တွင်တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ခဲ့ပြီး လတ်တလောပြဿနာများ မရှိတော့​ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ​ဖေ​ဖော်ဝါရီ လဆန်းပိုင်းတွင်ပြောကြားခဲ့သည်။ ထိုသို့​ဆွေး​နွေး ညှိနှိုင်းပြီး ရက်သတ္တပါတ်​ လေးပါတ်အအကြာတွင် မန်တုံမြို့နယ်တွင် ယခုကဲ့သို့ ပဋိပက္ခထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။