(သတင်းတွင် သေဆုံးပြည်သူများ၏ ရုပ်အလောင်းများပါဝင်နေသည့်အတွက် ကျန်းမာရေးမကောင်းသူများ၊ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်ပါ)
နေ့သစ် / People’s Spring
မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တို့ရှိ ရေနံမှော်နှင့် ကျေးရွာ ၈ရွာအား စစ်ကောင်စီက ယမန်နေ့ည ၁နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၅ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်နှင့် ကျေးရွာ ၈ရွာနှင့် ရေနံမှော်အနီးရှိ ကုန်ဆုံဆိုင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု မြိုင်ပကဖက ပြောသည်။

Public Service Announcement
” PDF စခန်းတွေလည်း မရှိဘူး။ အားလုံးက ရွာတွေပဲ။ ဒေသခံတွေပဲ အကုန်ထိကုန်တာ။ နွားတွေလည်း သေတယ်။ နေရာကိုးခုကို တိုက်သွားတာပဲ “ဟု မြိုင်ပကဖက ပြောသည်။
ယနေ့(မတ်လ ၃ရက်)နေ့ နံနက် ၁ နာရီနှင့် ၂ နာရီကြားအတွင်း မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ လက်ပံတိုရေနံမှော်အနီး ကျေးရွာများကို ပစ်မှတ် ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။
တိုက်ခိုက်မှူများကြောင့် ဒါဇင်နှင့်ချီသော အရပ်သား သေဆုံး၊ ထိခိုက်မှုများရှိခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့်အပြင် အရပ်သားများသာရှိသည့် ကျေးရွာများဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအရ မြိုင်မြို့နယ် ဆိတ်ချေးကျေးရွာ၊ ဂျုတ်ကုန်းရွာ၊ ဘောင့်ဘင်ရွာ၊တောရွာ နှင့် ညောင်ကုန်းကျေးရွာတို့ကို Y 12 ဖြင့် ဗုံးကြဲပြီး ဆူဝင်းကျေးရွာအား Jet Fighterဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထို့အပြင် ပေါက်မြို့နယ်ရှိ လက်ပံတိုနှင့် သရက်ကန်ကျေးရွာအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ပြောသည်။
“ဘာတိုက်ပွဲမရှိပါဘူး။အရပ်သားပစ်မှတ်ပါ။ဒဏ်ရာရသူ ၁၅ဦးနဲ့ သေဆုံး ၁၂ ဦးခုထိတွေ့ထားရတယ်။အများဆုံးသေတာက ဘောင့်ဘင်ရွာမှာ”ဟု အညာမြေ တပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်က လေကြောင်းတိုက်ခံရသည့် ဆုံကုန်းကျေးရွာနှင့် ယနေ့နံနက်ဗုံးကြဲခံရသည့် ကျေးရွာများသည် ငါးမိုင် ဝန်းကျင်သာ ကွာဝေးကြောင်းလည်း ၎င်းကဆိုသည်။
ဖေဖော်ဝါရီ ၂၅ရက်ကလည်း မြိုင်မြို့နယ် (တောင်ပိုင်း)၊ ကျောက်ခွက်ရေနံမြေဧရိယာအနီးရှိ ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် မင်္ဂလာပွဲကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ဦး သေဆုံးခဲ့ရသည်။




























































