Connect with us

Hi, what are you looking for?

ဆောင်းပါး

ပူတင် နဲ့ မင်းအောင်လှိုင် တွေ့ဆုံမှုကို နိုင်ငံတကာမီဒီယာတွေ ဘာပြောကြလဲ

ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန် အခုသီတင်းပတ်မှာ အာဏာ သိမ်းစစ်ခေါင်းဆောင် ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်ဟာ အနောက်နိုင်ငံတွေအတွက် ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

People’s Spring

ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန် အခုသီတင်းပတ်မှာ အာဏာ သိမ်းစစ်ခေါင်းဆောင် ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်ဟာ အနောက်နိုင်ငံတွေအတွက် ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

စစ်ကောင်စီ​ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ရုရှားကို စတုတ္ထ အကြိမ်မြောက် သွားရောက်ခဲ့တာ ဆိုပေမယ့်လည်း အခုတစ်ကြိမ်ဟာ ပိုပြီး အာရုံစိုက်စရာတွေ များလာခဲ့ပါတယ်။

ရုရှားရဲ့မဟာမိတ် ဘီလားရုစ်ကလည်းမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ပေမယ့် နိုင်ငံတကာ မီဒီယာတွေကို အဓိက ဖမ်းစားခဲ့တာကတော့ သူ့ရဲ့ မော်စကို ခရီးစဉ်ပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင် မင်းအောင်လှိုင်ကို မတ်လ ၄ ရက်နေ့မှာ တရင်းတနှီး ဧည့်ခံ တွေ့ဆုံခဲ့ပြီး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် မဟုတ်တဲ့၊ အာဏာကို လက်နက်အားကိုးပြီး အဓမ္မ သိမ်းယူထားတဲ့ မင်းအောင်လှိုင်ကို ရုရှားက ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်ကလည်း ကရင်မလင် နန်းတော်ထဲမှာ ပူတင်နဲ့ တွေ့တဲ့အခါ ခေါင်းပေါ် ရွက်မထားရုံတမယ် ပြာပြာသလဲ အလေးအမြတ်ပြုရင်း ဘုရင်တစ်ပါးလို ဆက်ဆံခဲ့ပါတယ်။ ဟောင်ကောင် အခြေစိုက် South China Morning Post (SCMP) သတင်းဌာနကတော့ပူတင်နဲ့ မင်းအောင်လှိုင် တွေ့ဆုံခြင်းဟာ နှစ်ဖက်အပြန်အလှန် အကျိုးစီးပွားတွေအတွက် အသုံးချဖို့ ကြိုးစားမှု ဖြစ်နိုင်တယ်လို့ သုံးသပ် ရေးသားခဲ့ပါတယ်။ SCMPရဲ့ သုံးသပ်ချက်မှာ ပူတင်ဟာ မင်းအောင်လှိုင်အတွက် အသက်ရှူချောင်စေခဲ့သူလို့ ထောက်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်မှာ ကိုယ့်ဇာတ်ကိုယ်မနိုင် ဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားဆီကနေ စစ်လက်နက် အကူအညီတွေ တိုးမြှင့်ရရှိဖို့ ပူတင်ကို အကူအညီ တောင်းခဲ့ဟန် ရှိတယ်လို့ SCMPက ဆိုတယ်။ အဲဒီထဲမှာ ရုရှားရဲ့ အဆင့်မြင့် စစ်မြေပြင်သုံး ဒရုန်း နည်းပညာတွေလည်း ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။

ပူတင်ကတော့ စဉ်ဆက်မပြတ် ပြောင်းလဲလာနေတဲ့ ကမ္ဘာ့ရေးရာ အခင်းအကျင်းတွေမှာ ကြိုတင်ပြင်ဆင်မှု တစ်ခုအဖြစ် အရှေ့တောင် အာရှ ဒေသတွင်း ရုရှားရဲ့ ဩဇာ ဖြန့်ကျက်မှုကို တည်ဆောက်ဖို့ ရည်ရွယ်နေပြီး အဲဒီအတွက်လည်း မင်းအောင်လှိုင်ကို လက်ပွန်းတတီး တွေ့ဆုံခဲ့တာ ဖြစ်နိုင်တယ်လို့ ဟောင်ကောင်သတင်းဌာနက သုံးသပ်ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်မှာ ရုရှားမဟာမိတ်ဖြစ်သူ သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရ ပြုတ်ကျခဲ့တဲ့နောက် ရုရှားဟာ ပင်လယ်ရပ်ခြား ဒေသတွေမှာ စစ်ရေးဩဇာ ဖြန့်ကျက်မှု အစီအမံတွေကို ပြန်သုံးသပ်မယ့် အလားအလာတွေ ရှိနေပါတယ်။

AFP သတင်းဌာနကတော့ ကရင်မလင်မှာ ပူတင်နဲ့ မင်းအောင်လှိုင် တွေ့ဆုံတဲ့ သတင်းကို ဖော်ပြရာမှာ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS)ရဲ့စင်ကာပူအခြေစိုက်နိုင်ငံရေးသုတေသီ မော်ဂန် မိုက်ကယ်စ်ရဲ့ လက်ရှိ ရုရှား-မြန်မာ ဆက်ဆံရေး အခြေအနေ သုံးသပ်ချက် တစ်ခုကို ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့ စစ်တပ်အတွက် ရုရှားဟာ အင်မတန် အရေးပါတဲ့အားပေးပံ့ပိုးသူမျိုးဖြစ်လာနေကြောင်း၊ နိုင်ငံတကာ မြင်ကွင်းမှာ သံတမန်ရေးနဲ့ လုပ်ထုံးလုပ်နည်းတွေ သက်သက်နဲ့တင် ကာကွယ် ရပ်တည်ပေးတာမျိုး မဟုတ်ဘဲ စစ်ကောင်စီက ပြည်တွင်းစစ်ကို ဆက်ဆင်နွှဲနိုင်စွမ်းရှိအောင် တောက်လျှောက် အားဖြည့်ပေးတဲ့ အဆင့်ထိ ရုရှားက အကူအညီ ပေးနေကြောင်း မိုက်ကယ်စ်က AFPကို ပြောကြားသွားပါတယ်။

Reuters သတင်းဌာနကတော့ မနှစ်တုန်းက စစ်ကောင်စီက ရုရှားဆီ ဆင် ၆ ကောင် လက်ဆောင်ပေးခဲ့တဲ့ ကိစ္စအပေါ် ပူတင်က မင်းအောင်လှိုင်ကို တခုပ်တရ ကျေးဇူးတင်စကား ပြောခဲ့တာကို ကောက်နုတ်ပြီး ဆင်ဒစ်ပလိုမေစီဆိုတဲ့ အသုံးအနှုန်းကို ခေါင်းစဉ်တပ် ဖော်ပြခဲ့ပါတယ်။ တရုတ် အစိုးရဟာ နိုင်ငံရဲ့ သင်္ကေတလို့ တင်စားနိုင်တဲ့ ပန်ဒါ ဝက်ဝံတွေကို တခြားနိုင်ငံတွေဆီ လက်ဆောင်အနေနဲ့ ပို့ဆောင်တာကို သံတမန်ရေးရာ ဗျူဟာတစ်ခုအဖြစ် အသုံးချလေ့ ရှိတာကို ပန်ဒါ ဒစ်ပလိုမေစီလို့ သုံးနှုန်းလေ့ ရှိပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်ကလည်း ရုရှားကို ဆင်တွေ လက်ဆောင်ပေးခဲ့တာကြောင့် Reuters က ဆင်ဒစ်ပလိုမေစီလို့ ရည်ညွှန်းခဲ့တာပါ။ ဆင်ခြောက်ကောင် လက်ဆောင် ပေးတာဟာ ရုရှားဆီကနေ မှာယူထားတဲ့ ခေတ်မီ တိုက်လေယာဉ်အသစ် ခြောက်စီးကို မြန်မာလေတပ်ဆီ ပေးပို့ပြီးတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ်လို့လည်း Reutersက ဆိုပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ဖယ်ကြဉ်မှုကို ခံနေရတာက ပူတင်နဲ့ မင်းအောင်လှိုင်ကို ပိုနီးစပ်သွားစေတယ်လို့လည်း Reutersက ရေးသားထားပါတယ်။

The Diplomatကလည်း Reutersနဲ့ တူညီတဲ့ သုံးသပ်ချက်မျိုးကို ဖော်ပြခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေအပြင် အထီးကျန် ရပ်တည်နေရတဲ့ အခြေအနေတွေက ရုရှားနဲ့ မြန်မာကြား သံတမန်ရေး၊ မဟာဗျူဟာရေးအရ ပိုပြီး နီးစပ်သွားစေတယ်လို့ ဆောင်းပါးတစ်ပုဒ်ထဲမှာ သုံးသပ်ထားပါတယ်။ အထူးသဖြင့် ပူတင်နဲ့ မင်းအောင်လှိုင်တို့ ပြသခဲ့တဲ့ ကိုယ်အမူအယာ body languageဟာ အရမ်းနွေးထွေးပြီး မော်စကိုနဲ့ နေပြည်တော်ကြားက ဆက်ဆံရေး ဘယ်လောက် ခိုင်မာနေသလဲ ဆိုတာကို ထုတ်ပြလိုက်တဲ့ နိမိတ်ပုံ ဖြစ်နိုင်တယ်လို့ The Diplomat က ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ ပူတင် တွေ့ဆုံမှုမှာ ရုရှားနည်းပညာသုံး နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ရေး ကိစ္စအပြင် ကုန်သွယ်ရေး၊ စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ဆွေးနွေးကြ၊ သဘောတူ လက်မှတ်ရေးထိုးကြတာတွေကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ စစ်ရေးကိစ္စတွေ အကြောင်းတော့ အဲဒီ ထုတ်ပြန်ချက်တွေမှာ ရှင်းလင်းပြမထားပါဘူး။ ပြီးတော့ စစ်ရေး မဟုတ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ဘယ်လို သီးခြား သဘောတူညီမှုတွေ ပါဝင်သလဲ ဆိုတာကိုလည်း အသေးစိတ် မကြေညာပါဘူး။

ရုရှားရဲ့ Interfax သတင်းဌာနကတော့ ရုရှားနိုင်ငံမှာ လုပ်သားရင်းမြစ် ဆိုးဆိုးရွားရွား ပြတ်လပ်မှုဒဏ်ကို ကုစားဖို့အတွက် မြန်မာနိုင်ငံက လုပ်သားတွေကို ခေါ်သွင်းဖို့ ကိစ္စဟာလည်း မင်းအောင်လှိုင်နဲ့ ပူတင် ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ်တွေထဲမှာ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရုရှားဟာ အရင် ဆိုဗီယက် ပြည်ထောင်စု အစိတ်အပိုင်းဟောင်း နိုင်ငံတွေက လုပ်သားတွေအပြင် မြန်မာကနေပါ လုပ်သားတွေ ခေါ်သွင်းမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ အစီအစဉ် ရှိနေတယ် ဆိုတာကို စီးပွားရေး ဝန်ကြီး မက်ဆင် ရက်ရှတ်နီကော့ဗ်ကလည်း Interfaxဆီ မှတ်ချက်ပေးခဲ့ပါတယ်။ ပူတင်နဲ့ မင်းအောင်လှိုင် တွေ့ဆုံပြီး နောက်တစ်နေ့မှာပဲ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်သား ၂၄ ဦးကို ရုရှားဆီ စေလွှတ်တဲ့ အကြောင်းကို စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

တခြား နိုင်ငံတကာ မီဒီယာတွေဖြစ်တဲ့ VoA၊ Independent၊ Straits Timesစတဲ့ နိုင်ငံတကာ မီဒီယာတွေကတော့ မင်းအောင်လှိုင်နဲ့ ပူတင် တွေ့ဆုံမှုအကြောင်း၊ သူတို့နှစ်ယောက် အပြန်အလှန် ချီးကျူးပြောဆိုတဲ့ စကားတွေနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ရုရှား-မြန်မာ ဆက်ဆံရေး ပိုမို အားကောင်းလာမှု နောက်ခံ အခြေအနေတွေကိုပဲ အဓိက သတင်းဖော်ပြသွားခဲ့ကြပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးဆိုင်ရာ မဟာဗျူဟာ အနေနဲ့ ရုရှားနဲ့ တိုက်ရိုက် ဆွေးနွေးမှု နည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းနဲ့ အနောက်ဥရောပ မဟာမိတ်တွေကို အရှိုက်ထိုးလိုက်သလို ဖြစ်သွားစေခဲ့ပြီးရုရှားအပေါ်အလွန်အကျွံလိုက်လျောရာ ရောက်နေတယ်လို့ နိုင်ငံတကာအရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

တခြားတစ်ဖက်မှာလည်းယူကရိန်းမှာ စစ်ပွဲပြီးဆုံးသွားရင် ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတဲ့ ကမ္ဘာ့ရေးရာ အခင်းအကျင်းတွေက ပိုပြီး ခန့်မှန်းရ ခက်လာပါတယ်။ အမေရိကန်နဲ့ ဥရောပရဲ့ အစဉ်အလာ မဟာမိတ် ဆက်ဆံရေးမှာ အက်ကြောင်းတွေ နက်နက်ရှိုင်းရှိုင်း ထင်လာခဲ့ပြီး ပူတင်ကရော စစ်ပွဲ ရပ်သွားရင်တောင် သူ့ရဲ့ လိုဘကို အတောသတ်ပါ့မလားဆိုတာ အကြီးအကျယ် သံသယ ဝင်ချင်စရာပါပဲ။

ဒီအခြေအနေမှာ မင်းအောင်လှိုင်နဲ့ ပူတင်တို့ရဲ့ ရင်းနှီးကျွမ်းဝင်စွာ တွေ့ဆုံမှုဟာ အနောက် နိုင်ငံတွေအတွက်၊ ပြီးတော့ ဒီမိုကရေစီအတွက် စိုးရိမ်စရာ အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာပါတယ်။ ရုရှားရဲ့ အနာဂတ်နိုင်ငံတကာမူဝါဒအခင်းအကျင်းသစ်မှာ အာဏာသိမ်းစစ်တပ် ကြီးစိုးထားတဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လို အမြတ်ထုတ် အသုံးချမလဲ ဆိုတာ ပူတင်မှာ အစီအမံတွေ ရှိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။

တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်မှာ အသက်ငင်နေတဲ့ မြန်မာစစ်တပ်အတွက် ရုရှားလက်နက်တွေ အပူတပြင်း လိုအပ်နေတဲ့ မင်းအောင်လှိုင်ကလည်း ဒါကို သိသိကြီးနဲ့ ကမ်းကုန်အောင် ဆက်ပြီး မိုက်တွင်းနက်နေဦးမှာ အသေအချာပါပဲ။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC)ရဲ့ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံမှာ တက်ရောက်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ပူတင်က ထရမ့်နဲ့ နှစ်နာရီခွဲလောက် ဖုန်းပြောခဲ့တဲ့ အတောအတွင်း ချက်ချင်း အပစ်ရပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ဆင်ခြေပေါင်း ၁၆၀၀၀ လောက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီမှု ရခဲ့ရင်တောင်မှ ဝိုင်းဝန်း မကာကွယ်ပေးဘူးဆိုရင် ရုရှားဟာ သေချာပေါက် အဲဒီ သဘောတူညီချက်ကို ချိုးဖောက်လိမ့်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ်က သတိပေး ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အရပ်ဖက်အဖွဲ့အစည်းတွေကိုနှိပ်ကွပ်တဲ့နေရာမှာတော့ “စွန့်ဦးတီထွင်အာဏာရှင်”ထဲမှာ ဗလာဒီမာပူတင်ကဦးဆောင်တဲ့နေရာမှာပါဝင်ပါတယ်။