ဇူလိုင်-၂၃၊၂၀၂၆။People’s Spring
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ကာကွယ်ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ထိုင်းကို သွားရောက်ဖို့ စီစဉ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကြောင့် နိုင်ငံတကာ အသိုက်အဝန်းမှာ ထိုင်းနိုင်ငံရဲ့ ပုံရိပ် ထိခိုက်ညစ်နွမ်းနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေရှိနေပြီးဒါကို ထိုင်းအစိုးရကတော့ ပယ်ချခဲ့ပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့နဲ့ နယ်စပ်က ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ဆိုရင် မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေက အရေးတကြီး လိုအပ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး ရတ်ချာဒါ သာနာဒီရက်က ဇူလိုင် ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)မှာ တဖြည်းဖြည်းချင်း ပြန်လည် ဝင်ဆံ့လာစေဖို့၊ အိမ်နီးချင်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေအတွက် ပိုပြီးကြီးမားတဲ့ အခန်းကဏ္ဍကနေ ကူညီပေးဖို့ လိုလားကြောင်းလည်း ရတ်ချာဒါက ဆိုပါတယ်။
မြန်မာဘက်မှာ ငြိမ်းချမ်းနေမယ်ဆိုရင် နယ်စပ်တလျှောက်မှာနေထိုင်တဲ့ဒေသခံ လူ့အဖွဲ့အစည်းတွေ အတွက်လည်း အကျိုးရှိစေလိမ့်မယ်လို့သူကဆိုပါတယ်။အိမ်နီးချင်းနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် နှစ်ဖက် ခေါင်းဆောင်တွေ တိုက်ရိုက် ဆွေးနွေးဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် စီစဉ်ထားတဲ့အပေါ် ကာကွယ် ပြောကြားသွားပါတယ်။
မင်းအောင်လှိုင်ကို ဘင်္ဂလားဒေ့ရှ် ပင်လယ်အော် ဆက်စပ်နိုင်ငံတွေ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (ဘင်းစတက်)ရဲ့ ညီလာခံ မတိုင်ခင် ထိုင်းနိုင်ငံဆီ အလည်အပတ် ခရီးစဉ် လာရောက်ဖို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဘင်းစတက် ထိပ်သီးဆွေးနွေးပွဲကို ဩဂုတ်လဆန်းမှာဘန်ကောက်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။
အနူတင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံကြတဲ့အခါ မြန်မာ့ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို တိုက်ဖျက် နှိမ်နင်းရေး၊ နှစ်နိုင်ငံကြားတိုက်ရိုက်ပတ်သက် ဆက်နွှယ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောမီးရှို့မှုနဲ့ မြစ်ရေညစ်ညမ်းမှုစတဲ့ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြဖွယ် ရှိတယ်လို့ ရတ်ချာဒါက ဆက်ပြောပါတယ်။
အာဆီယံ အသိုက်အဝန်းထဲ ပြန်လည် ဝင်ဆံ့လာအောင် ကူညီပေးလို့တဲ့ထိုင်းရဲ့ သဘောထားဆန္ဒကိုအာဏာသိမ်းမြန်မာစစ်တပ်ဖက်က ကျေးဇူးတင်ကြောင်း ပြသခဲ့တယ်လို့လည်း သူကဆိုပါတယ်။
နိုင်ငံတကာမှာ ရှုတ်ချစရာဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်က ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ညစ်နွမ်းစေမယ် ဆိုတာမျိုးကို ထိုင်းအစိုးရ အနေနဲ့ မစိုးရိမ်ကြောင်း၊ မြန်မာ့ အိမ်နီးချင်း မဟုတ်တဲ့ နိုင်ငံတွေက ထိုင်းနိုင်ငံ ဖြတ်သန်းနေရတဲ့ အခြေအနေကိုလည်း နားလည်ကြမှာ မဟုတ်ကြောင်း ရတ်ချာဒါက ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည် ရရှိလာရင် ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေလည်း ကောင်းကျိုး ခံစားရမှာဖြစ်ကြောင်း၊ အိမ်နီးချင်းတွေဟာ အပြန်အလှန် ကူညီရမှာဖြစ်ပြီး စွန့်ခွာထားရမှာ မဟုတ်ကြောင်း သူကဆိုပါတယ်။
ဇူလိုင် ၂၂ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ် အနူတင်က သူနဲ့ မင်းအောင်လှိုင် တွေ့ဆုံတဲ့အခါ နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ကိစ္စဟာအဓိက အကျဆုံး ဆွေးနွေးမှု ခေါင်းစဉ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာဖက်ခြမ်းက သတ္တုတူးဖော်မှုတွေနဲ့ ဆက်စပ်တဲ့ ဓာတုပစ္စည်း အဆိပ်အတောက်တွေ စွန့်ပစ်မှုကြောင့် ထိုင်းပိုင်နက်၊ မြစ်အောက်ပိုင်းမှာ နမ့်ခုတ်မြစ်ရေ ညစ်ညမ်းနေမှုကို ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံတွေက အစိုးရကို တောင်းဆိုထားပါတယ်။
အနူတင်ကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ နှစ်ဖက် အာဏာပိုင်တွေ တွေ့ဆုံမှုမှာ ဒီလို အကြောင်းအရာတွေကို ကျိန်းသေပေါက် အလေးထား ဆွေးနွေးဖို့ လိုကြောင်း၊ ဂုဏ်ပြု စားသောက်ပွဲနဲ့ တည်ခင်းပြီး ဂုဏ်ပြု တပ်ဖွဲ့ဝင်တွေကို စစ်ဆေးရုံ အပေါ်ယံ ဟန်ပြ အခမ်းအနားမျိုးသက်သက် ခရီးစဉ်မျိုး ဖြစ်လာမှာ မဟုတ်ကြောင်း အနူတင်က ဆိုပါတယ်။ နှစ်နိုင်ငံစလုံးအတွက် ကောင်းကျိုး ဖြစ်စေမယ့် ကိစ္စတွေကို မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အလေးအနက် ဆွေးနွေးသွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
ကိုးကား- Khaosod ၊Thai PB


















































