“အဲဒါက အလှမ်းဝေးနေဆဲပါ” — ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး
ဇူလိုင်-၂၃၊ ၂၀၂၆။ People’s Spring
မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ဇူလိုင် ၂၃ရက်မှာ ပြောကြားလိုက်တာပါ။
အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်လို့ လူသိများတဲ့ အာဆီယံငြိမ်းချမ်းရေးအဆိုပြုချက်တွေကို လိုက်နာမှုရှိ၊မရှိ စိစစ်သုံးသပ်နေဆဲဖြစ်တာကြောင့် အာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်နိုင်ဦးမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Public Service Announcement
“အဲဒါက အလှမ်းဝေးနေဆဲပါ”လို့ မစ္စစ်လာဇာရိုက ပြောပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ရပ်အပေါ် လိုက်နာဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာအများအပြားရှိနေဆဲလို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ မစ္စစ်လာဇာရိုဟာ ဒီနှစ်နှောင်းပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးမစ်ရှင်ကို ဦးဆောင်သွားရောက်ဖို့ ရှိနေပြီး အဲဒီခရီးစဥ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရ၊ မရဆိုတာလည်း မသေချာသေးဘူးလို့ အထက်ပါသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဆီယံဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်မှုရှိ၊ မရှိ တိုင်းတာမယ့် စံသတ်မှတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပြီး စစ်တပ်က လိုက်နာအကောင်အထည်ဖော်မှုမရှိရင် ပျက်ကွက်မှုအဖြစ် သတ်မှတ်မှာဖြစ်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး အာဆီယံခေါင်းဆောင်တွေက အဲဒီနှစ် ဧပြီမှာ အထူးအစည်းအဝေးခေါ်ယူကျင်းပခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်အဖြစ် ချမှတ်ခဲ့ပါတယ်။ အဲဒီ ၅ရပ်ထဲမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာပါဝင်ပတ်သက်သူများအကြား တွေ့ဆုံဆွေးနွေးရေးပြုလုပ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်ပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူများနဲ့ တွေ့ဆုံခွင့်ရရှိရေး အချက်တွေ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ ပြီးခဲ့တဲ့ ၅နှစ်ကျော်ကာလတလျှောက် အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီက စစ်တပ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးအမတ်က အာဆီယံ ထုတ်ပြန်ချက် ၅ရပ်လို့ သုံးနှုန်းကာ အဲဒီ ၅ရပ်က အာဆီယံအခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိပကတိအခြေအနေနဲ့ ကိုက်ညီမှုမရှိလို့ သုံးသပ်ပေးဖို့ တိုက်တွန်းခဲ့ပြီး စစ်တပ်လွှတ်တော်က အဲဒီအဆိုကို အတည်ပြုခဲ့ပါတယ်။
ကိုးကား – Reuters


















































