Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရေလုပ်သား ၄ဦးကို ပြန်လွှတ်အပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းသွားမယ်

စစ်တပ်ရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့(မတ်လ ၂၇ရက်)မှာ ထိုင်းနိုင်ငံသား ၄ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့ပါတယ်။

မတ် ၂၈၊ ၂၀၂၅။ အီယိုရီ/People’s Spring

စစ်တပ်ရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့(မတ်လ ၂၇ရက်)မှာ ထိုင်းနိုင်ငံသား ၄ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလကုန်ကတည်းက ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သား ၄ဦးကို ဘားအံအကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတယ်ဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ဦးနဲ့အတူ မနေ့က ပြစ်ဒဏ်လွတ်ငြိမ်းပေးကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ အခု လွတ်ငြိမ်းခွင့်အမိန့်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်မတိုင်မီ ရက်ပိုင်းအလိုမှာ ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လာမယ့် ဧပြီ ၃-၄ရက်တွေမှာ ဘင်းမ်စတက်(BIMSTEC)အစည်းအဝေးကို ကျင်းပမှာဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မယ်လို့ ထိုင်းသတင်းဌာနအချို့က ဖော်ပြခဲ့ကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီခေါင်းဆောင်တက်ရောက်မယ်ဆိုတာကို အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လာမယ့်သီတင်းပတ်အတွင်း ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေးတက်ရောက်မယ်လို့ မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ဘင်းစ်တက်အစည်းအဝေးအတွင်း တက်ရောက်လာမယ့် အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သီးခြားစီတွေ့ဆုံဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုမ်တန်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ နိုဝင်ဘာက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ ဒေသတွင်းမဲခေါင်ထိပ်သီးအစည်းအဝေး တက်ရောက်ရင်း တွေ့ဆုံခဲ့ဖူးပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို သွားရောက်ခဲ့တာကလွဲလို့ အာဆီယံနိုင်ငံတွေကို သွားရောက်ခွင့် မရှိခဲ့ပါဘူး။ စစ်ကောင်စီရဲ့ မဟာမိတ် ရုရှားကို ၄ကြိမ်နဲ့ တရုတ်ကို တစ်ကြိမ်သာ ပြည်ပခရီးစဥ်တွေအဖြစ် သွားရောက်ခွင့် ရထားတာပါ။

ဧပြီလဆန်းမှာ ထိုင်းနိုင်ငံကိုသာ လာရောက်ခွင့်ရရှိခဲ့ရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၂၁ ဧပြီနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်ခြေချခွင့် ရရှိမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဥ် – ဘင်းမ်စတက် (BIMSTEC) အစည်းအဝေးကို အိမ်ရှင် ထိုင်းဝန်ကြီးချုပ်၊ အဖွဲ့ဝင်နိုင်ငံ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ သီရိလင်္ကာတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

ဘင်းမ်စတက်(BIMSTEC)အဖွဲ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေမှာ ကြံရာပါပတ်သက်နေမှုကို ရပ်တန့်ရမယ်လို့ Justice For Myanmar က မတ်လ ၂၅ရက်မှာ ထုတ်ပြန်တိုက်တွန်းပါတယ်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဥ်ဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမျှော်မှန်းချက်များအပေါ် ပြောင်ပြောင်တင်းတင်း စော်ကားမှုတစ်ရပ်ပင် ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူနေတာကို ရပ်တန့်တော့မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။