Connect with us

Hi, what are you looking for?

သတင်း

လွတ်ရက်စေ့ခါနီးသည့် ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်း ပြန်လွတ်လာ၊ စစ်ကောင်စီလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဥ်းသားပါဝင်မှု အလွန်နည်းပါး

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက မတရားချမှတ်ထားသော ထောင်ဒဏ် ရက်စေ့ရန် တစ်ပတ်အလိုတွင် လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဧပြီ ၁၇၊ ၂၀၂၅။ အီယိုရီ/People’s Spring

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက မတရားချမှတ်ထားသော ထောင်ဒဏ် ရက်စေ့ရန် တစ်ပတ်အလိုတွင် လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာ ၂၀၂၁ မတ်လတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ကမာရွတ်မီဒီယာ တည်ထောင်သူနှစ်ဦးဖြစ်သော ဦးနေသန်မောင်နှင့် ဦးဟံသာညိန်းတို့ကို မတရားဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“ကိုဟံသာညိန်းက ဧပြီ ၂၄ရက်မှာ လွတ်ရက်စေ့မှာဗျ။ သူ လွတ်ဖို့ တစ်ပတ်လောက်အလိုမှာ လွတ်ငြိမ်းထဲမှာ ရောထည့်လိုက်တာပေါ့နော်” ဟု ဦးနေသန်မောင်က People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဦးဟံသာညိန်း၏ ကျန်းမာရေးအခြေအနေနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ကောင်းမွန်သော်လည်း အကျဥ်းထောင်အတွင်း လေးနှစ်ကျော်ကာလ၌ ခါးနားဝေဒနာခံစားခဲ့ရကာ ခါးဆစ်ရိုးကျွံသွား၍ ခွဲစိပ်ကုသမှုပြုလုပ်ရန် လိုအပ်ကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်က ရှင်းပြသည်။

စစ်ကောင်စီသည် အမေရိကန်နိုင်ငံသားဖြစ်သူ ဦးနေသန်မောင်ကို မတရားဖမ်းဆီးအပြီး ၃လကျော်အကြာတွင် စွဲချက်များ ပြန်လည်ရုတ်သိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့သော်လည်း အတူဖမ်းဆီးခံရသူ ဦးဟံသာညိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုခဲ့ကာ ၂၀၂၂ မတ်လနှောင်းပိုင်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် မတရားချမှတ်ခဲ့သည်။

ယနေ့ ဧပြီ ၁၇ရက် မြန်မာနှစ်ဆန်းတစ်ရက်တွင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်များနှင့် အချုပ်ထောင်များမှ အကျဉ်းသူ၊ အကျဉ်းသား ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကြေညာသည်။

သို့ရာတွင် စစ်ကောင်စီက အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးရာ၌ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးပြီး အချို့အကျဉ်းထောင်များတွင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လုံးဝမပါဝင်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ PPNM က ယနေ့ မွန်းလွဲပိုင်းအထိ ရရှိထားသော စာရင်းအရ နိုင်ငံရေးအကျဥ်းသား ၆၀ ဦးခန့်သာ ပါဝင်ကြောင်း PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“တစ်ကမ္ဘာလုံးလည်း သိပါတယ်။ တနိုင်ငံလုံးလည်း သိပါတယ်။ ဒီဖက်ဆစ်စစ်တပ်ရဲ့စေတနာမမှန်ဘူးပေါ့။ သူဘယ်တော့မှ နိုင်ငံရေးအကျဥ်းသားတွေကို စိတ်ကောင်းစေတနာနဲ့ လွှတ်ပေးတယ်ဆိုတာ ရှိမှ မရှိတာ။ အားလုံးက လွတ်ရက်စေ့လို့ လွတ်လာကြတဲ့သူချည်းပဲ” ဟု နိုင်ငံရေးအကျဥ်းသားဟောင်း ဦးနေသန်မောင်က ပြောသည်။

ဆက်လက်၍ ၎င်းက “ကိုဟံသာညိန်းလွတ်လာတာရော၊ အခြားနိုင်ငံရေးအကျဥ်းသားအနည်းငယ်လွတ်လာတဲ့အတွက်ရော စစ်ကောင်စီရဲ့ ကျေးဇူးမူးလို့ ရှူစရာလည်းမရှိဘူးဗျနော။ ဘာပဲပြောပြော လွတ်မြောက်လာတဲ့အတွက် ကျွန်တော်တို့က ဝမ်းသာတာပေါ့လေ။ အမှန်က နဂိုကတည်းက မတရားဖမ်းဆီးခံရတဲ့သူတွေပဲလေ။ မဖမ်းသင့်ဘဲ ဖမ်းထားတာ။ သို့သော် ထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသား သောင်းနဲ့ချီ ရှိသေးတယ်။ အများကြီးကျန်သေးတာ။ တကယ်လွှတ်မှ​ မလွှတ်တာကိုး” ဟု ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစ၍ ၄ နှစ်ကျော်ကာလအတွင်း အာဏာသိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး ဖမ်းခံရသူ စုစုပေါင်း ၂၉,၀၃၀ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားသည်။

ယင်းအနက် ၂၂, ၁၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရဆဲသူများထဲမှ ၁၀,၇၆၉ ဦး ကို ထောင်ဒဏ်တွေ ချမှတ်ထားပြီးဖြစ်ကြောင်း AAPP စာအရင်းအရသိရသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။