Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟုကြေညာသော်လည်း တစ်ရက်မှအပစ်မရပ်ဟု KIAပြော

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်စဲမည်ဟုကြေညာထားသော်လည်း တစ်ရက်မှ အပစ်မရပ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တရုတ်နယ်စပ်ရှိ ရှေ့တန်းစခန်းတစ်ခုတွင် တွေ့ရသော KIAရဲဘော်တစ်ဦး။ ဓာတ်ပုံ − Getty Images

ဧပြီ ၂၀၊၂၀၂၅။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်စဲမည်ဟုကြေညာထားသော်လည်း တစ်ရက်မှ အပစ်မရပ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ငလျင်ဘေးကြောင့် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်စဲမည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း အဆိုပါ ကြေညာမှုကို စစ်ကောင်စီက ကိုယ်တိုင် စည်းဖောက်ကာ လေကြောင်း တိုက်ခိုက်မှု မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ယနေ့(ဧပြီ ၂၀ရက်) ကချင်ဘာသာဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်းထားသည့်အမည် MALဟု သုံးနှုန်းပြီး အပစ်အခတ်ရပ်စဲရေး သည် တစ်ရက်မှ အပစ်မရပ်ဘဲကုန်ဆုံးတော့မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ဆက်လက်ပြီး အပစ်ရပ်ကြောင်း ကြေညာမှာလား လက်ခံလို့ရမှာလား”ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက မေးခွန်းထုတ်ခဲ့သည်။

စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြေညာခဲ့သည့်နေ့၌ပင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ကလည်း ဧပြီ ၂ရက်မှ ၂၂ရက်အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။ KIO၏ ကြေညာချက်တွင် စစ်ကောင်စီ ကိုယ်တိုင်လည်း ၎င်းတို့ ထုတ်ပြန်ထားသည့် အပစ်ရပ်စဲရေးကြေညာချက်ပါ အချက်များကို လိုက်နာရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ နှစ်ဖက်အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီက ဗန်းမော်မြို့အပါအဝင် KIAနယ်မြေများကို လေကြောင်း ၊ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန အပတ်စဉ် သတင်းဖော်ပြချက်၌ အသိပေးထားသည်။

ထို့အပြင် ၀ိုင်းမော်မြို့နယ် လမြန်ကျေးရွာကို မြေပြင်မှ ထိုးစစ်ဆင်ခြင်း၊ ဖားကန့်မြို့နယ် လဝါးကျေးရွာကို စစ်ကောင်စီက မြေပြင်မှ ထိုးစစ်ဆင်ခြင်းများ ရှိခဲ့၍ တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားသည်။

လဝါးကျေးရွာကို စစ်ကောင်စီတပ်နှင့် မင်းဇေသန့်ပြည်သူ့စစ်က ထိုးစစ်ဆင်ခဲ့၍ ဧပြီ ၁၄ရက်မှ ၁၆ရက်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ စစ်ကောင်စီက လေကြောင်း အသုံးပြု တိုက်ခိုက်ပြီး မြေပြင်မှ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် လဝါးကျေးရွာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက မီးရှို့ခဲ့၍ နေအိမ်များစွာ ပျက်စီးခဲ့ဟု ပြောသည်။

စစ်ကောင်စီသည် ကချင်ဒေသသာမက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရက္ခိုင်၊ ရှမ်းမြောက် အပါအဝင် နိုင်ငံတဝန်း၌ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ပြီး ၎င်းတို့ကိုယ်တိုင် ကြေညာခဲ့သည့် အပစ်ရပ်ကြေညာမှုကို နေ့စဉ်ချိုးဖောက်လျက်ရှိဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောကြားထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း၌ပင် ပြည်သူလူထု ရာချီ သေဆုံးထိခိုက်ခဲ့ရသည်ဟု သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ လေကြောင်းတိုက်ခိုက်ခံရသည့် နယ်မြေများမှ ဒေသခံများ၏ထုတ်ပြန်ပြောဆိုချက်များ၌ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။