“ချဉ်းကပ်မှုက ကွာခြားတော့ အဖြေရှာပုံလည်း နည်းနည်းကွာသွားတဲ့သဘောမျိုးဖြစ်ပါတယ်”
— TNLAတွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာပန်လ
မေ ၄၊၂၀၂၅။ သက်ဝေ၊ရဲခေါင်/People’s Spring
မြန်မာနိုင်ငံသားများက ဒီမိုကရေစီအစိုးရကို အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကို ဖြုတ်ချပြီး နိုင်ငံ ပြုပြင်ပြောင်းလဲရန် ချဉ်းကပ်နေချိန် တရုတ် အစိုးရက မြန်မာနိုင်ငံတည်ငြိမ်မှု ရရှိရေးအတွက်သာ ချဉ်းကပ်နေ၍ အဖြေရှာပုံ ကွာခြားနေကြောင်း တအာင်းတပ်မတော်(PSLF/TNLA) တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည်။
TNLAက စစ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ယနေ့ (မေလ ၄ရက်)တွင် ပြုလုပ်ရာ ယခုကဲ့သို့ အသိပေးရှင်းလင်းခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ ကြားဝင်ပေးမှုဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ရှိခဲ့သော်လည်း အဖြေရှာပုံ ကွာခြားဟု ၎င်းက ပြောသည်။

Public Service Announcement
“ကျနော်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအနေနဲ့ ချဉ်းကပ်တဲ့ပုံစံမျိုးကျတော့ ဒီမိုကရေစီအစိုးရကို စစ်တပ်ကနေ အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းပြီးမှ လူထုတွေကို မတရား သတ်ဖြတ်တယ် အနိုင်ကျင့်တယ် လေကြောင်းနဲ့ တိုက်ခိုက်တယ် အဲဒါကြောင့်မို့လို့ တပ်မတော်ကို ဖြုတ်ချပြီးမှ စကစကို ဖြုတ်ချပြီးမှ ကျနော်တို့ရဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်လို့ ဒီလိုပုံစံမျိုး ကျနော်တို့ နိုင်ငံသားတွေက ချဉ်းကပ်ပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
သို့သော် အိမ်နီးချင်း၏ ချဉ်းကပ်မှုသည် ထိုသို့ မဟုတ်ကြောင်း ဗိုလ်မှူးကြီး တာပန်လက တရုတ်အစိုးရ၏ ချဉ်းကပ်မှု ကိုရှင်းလင်းပြောပြသည်။
“အိမ်နီးချင်းချဉ်းကပ်တာက ဒီနိုင်ငံသူတို့ ဘေးမှာရှိနေတဲ့ နိုင်ငံတနိုင်ငံက ဒါတည်ငြိမ်မှုမရှိနေဘူး။ တည်ငြိမ်မှု မရှိတဲ့အတွက်သူတို့ရဲ့ နယ်စပ်မှာ ထိခိုက်မှုရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီနိုင်ငံက တည်ငြိမ်ဖို့လိုအပ်တယ်ဆိုတဲ့ ပုံစံမျိုး တည်ငြိမ်မှုရရှိဖို့သာ ချဉ်းကပ်တာမျိုးဖြစ်တယ်။” ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
ချဉ်းကပ်သည့် ပုံစံကွာ၍ အဖြေရှာသည့် ပုံစံကွာသွားခြင်းဖြစ်ဟုလည်း ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး မည်သည့်အချိန်၌ ဖြစ်မည်ကို ကြိုတင်ပြောရန် ခက်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီနှင့် ဆွေးနွေးရာ၌ PSLF/TNLA လက်ခံနိုင်သည့် အချက် ၃ချက်ကို အဆိုပြုထားသည်ဟု ရှင်းပြသည်။
ယခင်းတို့မှာ ရောက်သည့်နေရာ၌ နှစ်ဖက်တပ်ရပ်ရန်၊ ဒုတိယ အချက်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ရပ်စဲရန်၊ တတိယအချက်မှာ လူထုများ လွတ်လပ်စွာ သွားလာခွင့်ပြုရန် တို့ဖြစ်သည်ဟု ဆိုသည်။
” ဒီသုံးချက်ကို ရပ်တည်ထားပြီးမှ ဒီသုံးချက်မှာ ညှိနှိုင်းလို့ ဘယ်လောက်အထိ အဆင်ပြေလာမလဲ အဲဒီအပေါ်မူတည်ပြီးမှ ဒီဟာက ဘယ်တော့ဖြစ်မလဲ ဆိုတာမျိုး အဖြေပေါ်မှာ ဖြစ်ပါတယ်။”ဟု ဒုဗိုလ်မှူးကြီး တားပန်လက ပြောသည်။
စစ်ကောင်စီဘက်က တောင်းဆိုထားသည့် အချက်များတွင် TNLA သိမ်းပိုက်ထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ ၊ သီပေါ၊ မိုးမိတ် မြို့နယ်များမှ TNLA တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာပေးရန် ဆိုသည့်အချက်ဖြစ်သည်။
ဆွေးနွေးပွဲ ဆက်သွားနေပြီး ညှိနှိုင်းသဘောတူညီချက်မရသေးချိန် စစ်ကောင်စီဘက်က တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ဟု ပြောသည်။
” နေ့တိုင်းညတိုင်းလို ပုံစံမျိုး လေကြောင်း တိုက်ခိုက်မှု တွေဖြစ်ပွားနေပါတယ်။ အဲဒါကြောင့်မို့လို့ ပထမ အနေနဲ့ ကျနော်တို့ လူထုကို ပန်ကြားလိုပါတယ်။ သတိဝိရိယနဲ့ နေကြဖို့ပေါ့။ အဲဒါမှလည်း စကစရဲ့ တိုက်ခိုက်မှုက ဘေးဒဏ် ကင်းလွတ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးတားပန်လက ပြောသည်။
ဆွေးနွေးပွဲ ပျက်သွားသည့် ပုံစံမျိုးမဟုတ်ဘဲ နှစ်ဖက်တင်ပြချက်များအပေါ် ညှိနှိုင်းသဘောတူညီချက်မရသေး၍ ဩဂုတ်တွင် ဆက်ညှိနှိုင်းမည်ဟု ပြောသည်။
တရုတ်အစိုးရ၏ ကြားဝင်မှုကင်းကွာ၍ မရသည့် အခြေအနေကိုလည်း TNLA တာဝန်ရှိသူက ပြောသည်။
“တရုတ်အစိုးရက အာဏာမသိမ်းခင်ကတည်းက NCA ခေတ်ကတည်းက တောက်လျှောက် ဒါမျိုးဝင်ရောက်ပြီးမှ ညှိနှိုင်းပေးတာ နေပြည်တော်မှာလုပ်တဲ့ ညီလာခံ အစည်းအဝေးတွေမှာ တက်ရောက်နိုင်တာမျိုး အမြဲတမ်း သူက ကူညီပေးတာမျိုး အထောက်အကူ အထောက်အပံ့ ပေးတာမျိုး တောက်လျှောက်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျနော်တို့အနေနဲ့ ကျေးဇူးတင်ရှိရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ ဒါ ကျနော်တို့ နိုင်ငံအရေးဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံသားတွေမှာပဲ အဓိက ဆုံးဖြတ်ပိုင်ခွင့်ကရှိပါတယ်။ သို့ပေမယ့်လည်း ကျနော်တို့က အိမ်နီးချင်းနဲ့ရော ကမ္ဘာ့လူထုတွေနဲ့ရော ကင်းကွာလို့မရပါဘူး။ အဲဒီလိုအနေအထားမို့လို့ တရုတ်အစိုးရကနေ ပါဝင်ပြီးမှ အထောက်အပံ့ပြုပေးတာ ဦးစီးပေးတာ ဒါလည်း အများကြီး အထောက်အကူပြုပါတယ်။ ဒီနေရာမှာ ချဉ်းကပ်မှုက ကွာခြားတော့ အဖြေရှာပုံလည်း နည်းနည်းကွာသွားတဲ့သဘောမျိုးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည်။
