Connect with us

Hi, what are you looking for?

သတင်း

တရုတ်နှင့် စစ်ကောင်စီတို့ ဖိအားပေး၍ လူထုထိခိုက်မှုအလွန်ပြင်းထန်ဟု TNLA ပြော

တရုတ်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ပေးသည့် ဖိအားကြောင့် လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၄ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

၂၀၂၃ နိုဝင်ဘာ ၁၀ ရက်က မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ -AFP

မေ ၄၊၂၀၂၅။ရဲခေါင်၊ဟန်နွေ/People’s Spring

တရုတ်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီတို့ပေးသည့် ဖိအားကြောင့် လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၄ရက်)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

TNLAနှင့် ဖိအားမျိုးစုံကြုံလာရနိုင်သည့် အခြေအနေမေးမြန်းချက်အပေါ် ဗိုလ်မှူးကြီး တားပန်လက ဖိအား တောက်လျှောက်ရှိနေပြီး လူထုထိခိုက်မှု အလွန်ပြင်းထန်ခဲ့ဟု တရုတ်နှင့် စစ်ကောင်စီတို့၏ ဖိအားပေးမှု အခြေအနေများကို ရှင်းပြသည်။

စစ်ကောင်စီက ၂၀၂၄ ဇန်နဝါရီကတည်းက ဖြတ်လေးဖြတ် ပြုလုပ်သကဲ့သို့ တရုတ်နိုင်ငံကလည်း ၂၀၂၄ ဇွန်လမှစ၍ ပိတ်ဆို့ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“နှစ်ဖက်စလုံး စကစဘက်ကလည်း ပိတ်တယ်။ တရုတ်နိုင်ငံ အစိုးရဘက်ကကလည်း ပိတ်တော့ နှစ်ဖက်ပိတ်ဆို့မှုကြားထဲမှာ လူထုတွေ တော်တော်လေး ကြပ်ကြပ်တည်းတည်းဖြစ်နေရတာပေါ့”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

တရုတ်အစိုးရနှင့် စစ်ကောင်စီသည် TNLA ကဲ့သို့ပင် ကိုးကန့်တပ်မတော်(MNDAA)ကိုလည်း ဖိအားပေး ကာ စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်စေကာ လားရှိုးမြို့ကိုလည်း စစ်ကောင်စီထံ ပြန်လည် ပေးအပ်စေခဲ့သည်။

စစ်ကောင်စီက စစ်ရေးအရ လေကြောင်းစစ်ဆင်ရေးများ အပြင်းအထန် ပြုလုပ်သကဲ့သို့ တရုတ်အစိုးရကလည်း ဆေးဝါးအပါအဝင် ပိတ်ဆို့ဖြတ်တောက်မှုမျိုးစုံပြုလုပ်ဖိအားပေးခဲ့သည့်အပြင် အခြားဖိအားများလည်း ပြုလုပ်ခဲ့၍ လားရှိုးမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရဟု MNDAAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မဆုတ်ခွာပါက လေကြောင်းတိုက်ခိုက်မည်ဟုလည်း စစ်ကောင်စီဘက်က ပြောဆိုခဲ့ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင်လည်း တရုတ်အစိုးရ စီစဉ်မှုဖြင့် TNLAနှင့် စစ်ကောင်စီအကြားဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီဘက်က TNLA သိမ်းထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် မြို့ ၅ခုမှ ပြန်ဆုတ်ခွာပေးရန် တောင်းဆို၍ ဆွေးနွေးပွဲရှေ့တိုးမရဖြစ်နေသည်ဟု ဆိုသည်။

TNLA၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲအပေါ် သဘောထား မေးမြန်းရာ လတ်တလော အဖွဲ့၏ သဘောထား မရှိဟု ပြောသည်။

” ဒီဟာက လူထုလိုလားတဲ့ရွေးကောက်ပွဲလည်းမဟုတ်တဲ့ အတွက် ဒီအပေါ်မှာ မှတ်ချက်ပေးစရာမရှိသေးပါဘူး”ဟု ဗိုလ်မှူးကြီးတားပန်လက ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာကို မေးမြန်းရာ ဗိုလ်မှူးကြီး တားပန်လက “ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံ ပြန်လည်ပြီးမှ ကောင်းမွန်လာအောင် ဦးမော့လာအောင် ထူထောင်တဲ့ ဆောင်ရွက်ကြတဲ့ မိတ်ဆွေတွေအကုန်လုံးနဲ့ ချိတ်ဆက်ပြီးမှ ဆောင်ရွက်သွားတာမျိုးရှိပါတယ်”ဟု ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် နည်းနာပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“ရှေ့မှာလည်း ဒီလိုပဲဆက်လက်ပြီး သွားဖို့ရှိပါတယ်။ အထူးသဖြင့် အခုရှိနေတဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ်မှာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကနေ ဦးစီးပြီး ဒါကိုဆောင်ရွက်နေတာမျိုးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။