Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလွှတ်ထားတဲ့ သူလျှိူများကိုမန္တ​လေး PDF ​ဖော်ထုတ်

မန္တလေး PDF ထဲစစ်ကောင်စီစေလွှတ်ခဲ့တဲ့ အမျိုးသမီးတွေပါ ပါဝင်တဲ့ ဒလန်သူလျှိူ (၇)ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ပါတယ်။

ဒလန်သူလျှိူ အချို့ကိုဖမ်းဆီးအ​ရေးယူထား

■အခြား​တော်လှန်​ရေးအဖွဲ့များလည်း လုံခြုံရေးအစီအမံတွေ စနစ်တကျလုပ်ဖို့ မန္တ​လေးPDFအကြံပြု

မေ၂၇၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေး PDF ထဲစစ်ကောင်စီစေလွှတ်ခဲ့တဲ့ အမျိုးသမီးတွေပါ ပါဝင်တဲ့ ဒလန်သူလျှိူ (၇)ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စေလွှတ်ခဲ့တဲ့ ဒလန်သူလျှိူ(၇)ဦး စစ်ဆေးတွေရှိတဲ့အကြောင်း မန္တလေး PDFက ဒီကနေ့ မေလ(၂၇)ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာခဲ့ပါတယ်။ ဓာတ်ပုံတွေအရ ၊ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၂)ဦးဖြစ်ပြီး လူငယ်တွေချည့် ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း မန္တလေး PDF ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ စေလွှတ်ထားတဲ့ ဒလန်၊ သူလျှိူတွေဟာ ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာကြောင်း၊ အသက် (၂၀) ဝန်းကျင် လူငယ်တွေဖြစ်ပြီး အမျိုးသားကော အမျိုးသမီးပါ ပါဝင်တယ်လို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ယန္တရားမှာ အဓိကပါဝင်ခဲ့သူတွေကတော့ ရဲသွေး(ခ) Black(ခ)ချစ်ရအောင်၊ ကျော်ဇင်ထက်(ခ)ဘစော၊ ပန်းအိဖြူ(ခ)ဟယ်ရီကျော်၊ မေမြတ်နိုး(ခ)Yuki၊ ပိုင်အာကာဦး(ခ)ပိုင်ပိုင်၊ ကြယ်စင်လင်း(ခ)ဂျူးလစ်၊ ကျော်ပြည့်အောင်(ခ) System တို့ဖြစ်ပြီး မန္တလေး PDF ထဲမှာ Medic ဌာန၊ သင်တန်းဆရာ၊ ပြည်သူ့ရေးရာဌာနကြီးနဲ့ အမျိုးသမီးတပ်ရင်း၊ ဆေးအဖွဲ့ စတဲ့ဌာနတွေမှာ တာဝန်ထမ်းဆောင်သွားခဲ့သူတွေလို့ မန္တလေး PDFက အသိပေးပါတယ်။

“သူတို့နဲ့ပတ်သက်ပြီးဖမ်းဆီးရရှိဖို့ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်။ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ အကူအညီနဲ့ ဖမ်းဆီးရေးကို အရှိန်မြှင့်ပြီးဆောင်ရွက်သွားဖို့ ရှိပါတယ်။ယန္တရားမှာပါတဲ့ အစိတ်အပိုင်းတချို့ကိုတော့ ဖမ်းဆီထိန်းသိမ်းထားပြီးဖြစ်တယ်။”လို့ မန္တလေး PDFရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

သူတို့တွေဟာ စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ယန္တရားမှာ ပါဝင်ပြီး မန္တလေး PDF ရဲ့ တပ်ပြေးတွေဖြစ်ကြောင်း၊ တချို့သူတွေဟာ စစ်ကောင်စီရဲ့ တပ်ပြေးဖို့ လိမ်လည်လှည့်ဖျားစည်းရုံးမှုကို ယုံမှတ်ပြီး တပ်ပြေးမှု ကျူးလွန်စဥ် ဖမ်းဆီးခံရပြီး အတင်းအကျပ် ဖိအားပေးခံရမှုကြောင့် မလွှဲသာမရှောင်သာ လုပ်နေရသူတွေ ရှိနိုင်ပေမဲ့ တချို့တွေကတော့ စစ်ကောင်စီနဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ မန္တလေး PDFက ထပ်မံ အသိပေးပါတယ်။

သူတို့တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေး PDFက အရာရှိနဲ့တခြားအဆင့်တွေ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကို ထောက်လှမ်းသတင်းရယူတာ၊ တိုက်ပွဲဇုန်အတွင်းက တည်နေရာတွေကို ပစ်မှတ်ထားထောက်လှမ်းတာ၊ စစ်ကောင်စီက ဝါဒဖြန့်လိုတဲ့ သတင်းအမှားတွေကို တပ်ဖွဲ့ဝင်တွေကြား သတင်းဖြန့်ပြီး စိတ်ဓာတ်ကျအောင် ဖြားယောင်းပြောဆိုတာ၊ တပ်ဖွဲ့ကနေ စွန်ခွာထွက်ပြေးဖို့ စည်းရုံးတာ၊ မန္တလေး PDF ရဲ့ ဂိတ်နေရာတွေကို သတင်းပေးတာ၊ ယာယီအခြေပြု ဆေးကုတဲ့နေရာတွေ ထောက်လှမ်းတာ၊ Sniper အဖွဲ့တွေရဲ့တည်နေရာတွေကို သတင်းပေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံနဲ့အဝှမ်း စစ်မျက်နှာတွေမှာ အခြေမလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း ဒလန်သူလျှိူတွေ စိမ့်ဝင်စေပြီး သတင်းအချက်အလက် ရယူတဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်လာတာ တွေ့ရှိရတယ်လို့ မန္တလေး PDF က ဆိုပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ(ဒါမှမဟုတ်) စစ်ကောင်စီ ထောက်ခံတဲ့ အရပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေထဲ အသွင်ယူ ဝင်ရောက်စေပြီး တည်နေရာတွေ ရယူတာ၊ အချင်းချင်း သွေးကွဲစေဖို့ အခြေအနေတွေ ဖန်တီးတာနဲ့ တပ်ဖွဲ့ကို စွန့်ခွာစေဖို့ ဆွဲဆောင်စည်းရုံးတာတွေ စနစ်တကျ လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့ မန္တလေး PDFက အသိပေးပါတယ်။ စစ်ကောင်စီကနေ တော်လှန်ရေးအဖွဲ့ အသီးသီးအတွင်းကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံ၊ အကြောင်းအရာမျိုးစုံနဲ့ သူတို့ရဲ့ အတွင်းလူ (ဒလန်၊ သူလျှိူများ) စေလွှတ်ထားနိုင်တာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အထူးအလေးပေးသတိထားသင့်တယ်လို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

သူတို့တွေဟာ စုဆောင်းရေးကာလမှာ တခြားလူငယ်တွေနဲ့ ရင်းနှီးမှုရဖို့ စနစ်တကျ ကြိုးစားအားထုတ်ခဲ့ပြီး အမည်ရင်းတွေ၊ နေရပ်လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေကို တောင်းယူစုဆောင်းတာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်တန်းကာလတလျှောက်မှာလည်း တပ်ဖွဲ့ကနေ စွန့်ခွာစေမယ့် အတွေးအခေါ်တွေကို သင်တန်းသားအချင်းချင်းကြား ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဝေခဲ့တယ်လို့ သိရတယ်။ သူတို့ဟာ တပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပုံစံမျိုးစုံနဲ့ ရယူစုဆောင်းပြီး နောက်ဆုံးမှာ တပ်ပြေးအဖြစ် တပ်ဖွဲကနေ စွန့်ခွာသွားလေ့ရှိကြတယ်လို့ ဆိုပါတယ်။

တပ်ပြေးပြီး နောက်ပိုင်းမှာလည်း ပုံစံမျိုးစုံနဲ့ အခြားတပ်ဖွဲ့ဝင်လူငယ်တွေကိုပါ သွေးဆောင်ဖြားယောင်းပြီး တပ်ပြေးမှုဖြစ်အောင် လှုံ့ဆော်တာတွေနဲ့ တပ်ပြေးတဲ့အခါ လမ်းကြောင်း အကူအညီတွေ ရှာပေးတာတွေကိုပါ စနစ်တကျ လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အဲဒီ သူလျှို၊ ဒလန် လူငယ်တွေကို စနစ်တကျ လေ့ကျင့်ပေးထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီ စေလွှတ်ပြီး သတင်းအချက်အလက် ရယူတာနဲ့ တော်လှန်ရေး အင်အားစုတွေကြား စည်းလုံးမှု ပြိုကွဲစေမယ့် လုပ်ငန်းတွေကို လုပ်ဆောင်စေခြင်းဖြင့် စစ်ရေးအသာရအောင် ကြိုးပမ်းမှုတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ အရာရှိတဦးကနေ ကြိုးကိုင်ကြီးကြပ်ပြီး အနီးကပ်လမ်းညွှန်ပေးတာကို တွေ့ရှိရပြီး စစ်ဆင်ရေးတခုအသွင်နဲ့ စနစ်တကျ တစိုက်မက်မက် လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မန္တလေး PDF ဟာ အဲဒီလို စစ်ကောင်စီရဲ့ အသွင်ယူထောက်လှမ်းတာကို ခံခဲ့ရပေမဲ့ အချိန်မီ သိရှိခဲ့တဲ့အတွက် တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး အဲဒီ ယန္တရားလည်ပတ်ပုံတွေကို စနစ်တကျ စောင့်ကြည့် ဖော်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ မန္တလေး PDFက ဖော်ထုတ်တွေ့ရှိထားတဲ့ စစ်ကောင်စီရဲ့ အသွင်ယူထောက်လှမ်းမှု ယန္တရားပုံစံကို တခြားတော်လှန်ရေးတပ်ဖွဲ့တွေနမူနာယူပြီး လုံခြုံရေးအစီအမံတွေ ချမှတ်နိုင်ဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သတင်းနှိုက်ယူတဲ့ ပုံစံတွေကတော့ တပ်ပြေးရဲဘော်တွေကနေတဆင့် တပ်ဖွဲ့ဝင်တွေဆီဆက်သွယ်ပြီးပစ္စည်းနဲ့မုန့်ပို့ပေးမယ်ဆိုပြီးတည်နေရာတွေထောက်လှမ်းတာ၊တပ်ဖွဲ့ဝင် အမျိုးသမီးတွေရဲ့ အကောင့်အတုတွေဖန်တီးပြီး ဆက်သွယ်ချိတ်ဆက်ပြီးသတင်းအချက်အလက်တွေထောက်လှမ်းတာ၊ တပ်ပြေးရဲဘော်တွေအနေနဲ့ တပ်ဖွဲ့ဝင်တွေဆီ လာရောက်လည်ပတ်မယ်ဆိုပြီး လိမ်လည်လှည့်ဖျားကာ တည်နေရာတွေ ထောက်လှမ်းစုံစမ်းတာ၊ တပ်ဖွဲ့ဝင်တွေကို သမီးရည်းစားပုံစံ ချဥ်းကပ်ပြီး သတင်းအချက်အလက်တွေ ရယူထောက်

လှမ်းတာ၊ တပ်ရင်း အသစ် ဖွဲ့စည်းထားတယ်လို့ လိမ်လည်ပြီး တပ်ပြောင်းရွှေ့ဖို့ စည်းရုံးလှူံ့ဆော်ပြီး ထောင်ချောက်ဆင်ဖမ်းဆီးတာ၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) အမည်ကို အလွဲသုံးစားလုပ်ပြီး တပ်ပြောင်းရွှေ့ဖို့ စည်းရုံးကာ ထောင်ချောက်ဆင်ဖမ်းဆီးလေ့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မန္တလေး PDF ကို လုပ်ခဲ့သလိုမျိုး တခြားတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း လုပ်လာနိုင်တဲ့အတွက် လုံခြုံရေးအစီအမံတွေ စနစ်တကျလုပ်ဖို့ ကိုအော်စမွန်က အကြံပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။