Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်း အရပ်သားများ သွားလာခွင့် KIA၊ KPDF ယာယီတားမြစ်

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

ဖားကန့်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၁၊၂၀၂၅။ကဖေး/People’s Spring

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

“မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းက လုံခြုံရေးပြဿနာရှိနေတယ်။ ဒီရက်ထဲမသုံးဖို့ ပြောထားတာရှိတယ်။KIA၊ KPDF က ဒါကို အရေးတကြီး အသိပေးနေတဲ့ပုံစံဖြစ်တယ်”ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကမူ အဆိုပါလမ်းကိုအသုံးပြုရန်​ဒေသခံပြည်သူများကိုဖိအားပေးနေကြောင်းမိုးကောင်းမြို့ခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“လူတွေသွားလာနေမှ စစ်ရေးအရအကာအကွယ်ရမှာမို့လို့ စစ်တပ်ကကြတော့ သွားခိုင်းနေတယ်။ ကျတော်တို့အတွေ့အကြုံရတော့ မသွားသင့်ဘူး” ဟု၎င်းကပြောသည်။

ဖားကန့်သို့ မြစ်ကြီးနား- မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းရှိသကဲ့သို့ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းလည်း ရှိနေသည်။လက်ရှိတွင် မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းကို ခရီးသွားများအသုံးပြုနေသည်ဟုသိရသည်။ အဆိုပါလမ်းပိုင်းမှ အင်းတော်ကြီးအိုင်အနီးကျေးရွာအချို့တွင် စစ်တပ်၊ရှမ်းနီ(SNA) ပူးပေါင်းတပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေသော်လည်း ပြင်းပြင်းထန်ထန်မဟုတ်​သောကြောင့် လက်ရှိတွင်သွားလာ၍ကြောင်းအင်းတော်ကြီးဒေသခံများကပြောသည်။

မိုးကောင်း -ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၉ရက် တွင် ဖားကန့်သို့ရောက်ရှိလာပြီး ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။ကာမိုင်း-လုံးခင်းကြားတွင်လည်း ကင်ပုန်းများထားခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ဖားကန့်မှ ပြန်မည့် တပ်မ(၃၃) စစ်ကြောင်းသည်လည်း ယင်းလမ်းအတိုင်းပြန်နိုင်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များကသုံးသပ်ထားသည်။

“အခုက ဖားကန့်မှာလည်း စစ်ရေးအခြေအနေကတင်းမာနေတယ်။မြေပြင်ကနေအင်အားဖြည့်မယ်ဆိုရင်မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို သုံးနိုင်တယ်။တပ်မ(၃၃) အပြန်လမ်းကြောင်းလည်းရှိနေတယ်။ ဒါကြောင့် သတိပေးထားတာ” ဟု KIA နှင့်နီးစပ်သူကပြောသည်။

ဒေသခံများနှင့်အဆက်အစပ်ရှိသည့် KPDF တပ်ဖွဲ့ဝင်အချို့ကလည်း မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို ဒေသခံများအသုံးမပြုကြရန် လူမှုကွန်ယက်မှတစ်ဆင့်သတိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေပြီး ကျောက်စိမ်းမှော်များ၌ စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်များအားဇွန်လ ၉ရက် နှင့် ဇွန်လ ၁၀ရက်၌ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၉ရက်က တိုက်ပွဲ၌ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ၁၁ရက်တွင်စစ်တပ်စစ်ကြောင်းများလည်း မတွေ့ရသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉ နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်တပ်စစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

မြိတ်ခရိုင်အတွင်းစစ်ကောင်စီတပ်ဖွဲ့များ နှင့် စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်တပ်စခန်းများ၊ စစ်တပ်ဂိတ်အနီး​နေထိုင်​သောပြည်သူများစစ်ရေးအသိ၊စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန်မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတိပေးချက်ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

Facebook