Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုး ပိုင်ရပ်ရွာ စာသင်ကျောင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၃ဦး အပါအဝင် ၅ဦး သေဆုံး၊ ၂၂ဦး ဒဏ်ရာ

စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ် KNU ပြင်းထန်စွာ ရှုတ်ချ

ဓာတ်ပုံ- Kyaikmayaw/Mudon News

ဇွန်-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ်များ အပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း KNUက ယနေ့ ညတွင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၉ရက် မွန်းလွဲပိုင်းက ပိုင်ရပ်ကျေးရွာထဲရှိ စာသင်ဆောင်များထဲသို့စစ်ကောင်စီလေတပ်မှ လေကြာင်းဖြင့် Cluster ဗုံးသီး အမျိုးအစား(၁)လုံး၊ အခြား ဗုံးသီး(၃)လုံး ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့၍ စာသင်ကြားနေသော ကလေးသူငယ်များထဲမှ ကလေးသူငယ် (၃)ဦးနှင့် အရပ်သားပြည်သူ (၂) ဦး စုစုပေါင်း (၅) ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၂၂) ဦးရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ အသက်(၆)နှစ်နှင့် (၈)နှစ် အရွယ် ကျောင်းသူကလေးငယ် ၂ဦး၊ အသက်(၇)နှစ်အရွယ် ကျောင်းသား ကလေးငယ် ၁ဦး၊ ကျောင်းဆရာမ ၁ဦးနှင့် အသက်(၆၅)နှစ်အရွယ်ရှိ အရပ်သားပြည်သူအမျိုးသား ၁ဦးတို့ ဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း စာသင်ခန်းတွင်းရှိ အခြားကျောင်းသူကျောင်းသား ကလေးသူငယ် ၁၈ဦးနှင့် ဆရာမ ၁ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ဦးတို့ ဖြစ်ကြောင်း KNU က ဖော်ပြသည်။

ထို့အပြင် စာသင်ဆောင်များနှင့် နေအိမ် ၁၀လုံး၊ ဘာသာရေးအဆောက်ဦး ၁ခု ပျက်စီးခဲ့ရကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး သေဆုံးသူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် အပြစ်မဲ့အရပ်သားပြည်သူများအား ရန်သူသဖွယ်ပစ်မှတ်ထားကာ ကျေးရွာအတွင်းရှိ စာသင်ဆောင်များနှင့် နေအိမ်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

KNU သည် အုပ်ချုပ်နယ်မြေ ကော်သူးလေအတွင်း နေထိုင်ကြသည့် ကလေးသူငယ်များ အားလုံး၏ ပညာသင်ကြားခွင့် ကို အသိအမှတ်ပြုပြီး လက်ရှိဖြစ်ပေါ်နေသာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းသူကျောင်းသားများ၊ ဆရာ/ဆရာမများ နှင့် စာသင်ကျောင်းများ၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်ပူပန်လျက် ယမန်နှစ် ၂ဝ၂၄ ခုနှစ် အောက်တိုဘာ (၉)ရက်နေ့ တွင် “ကော်သူးလေတွင်းရှိ ကျောင်းများဘေးကင်းမှုဆိုင်ရာကြေညာစာတမ်း” တစောင်အား ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် စစ်ကောင်စီသည် စာသင်ကျောင်းများနှင့် ကျောင်းသူကျောင်းသားများအပါဝင် အပြစ်မဲ့အရပ်သား ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဆက်လက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပြီး အနာဂါတ် မျိုးဆက်သစ်များမှာ ထိုသို့သော လေကြောင်းရန်၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်၊ စက်သေနတ်ဒဏ် တို့မှ လွတ်ကင်းမည်ထင်သည့် နေရာများတွင် ယနေ့ထိတိုင် ဘေးကင်းလုံခြုံမှုမရှိဘဲ အကြောက်တရားအပြည့်ဖြင့် ပညာသင်ကြားနေရသည့်အပေါ် လွန်စွာ ဝမ်းနည်းကြေကွဲရကြောင်း KNU က ဖော်ပြသည်။

ထို့ကြောင့် KNUမှ ကြေငြာစာတမ်းအဖြစ် ထုတ်ပြန်တောင်းဆိုထားသော “ကော်သူးလေတွင်းရှိ ကျောင်းများဘေးကင်းမှုဆိုင်ရာကြေညာစာတမ်း” အား ထပ်လောင်းတောင်းဆိုလျက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘာသာရေးအဆောက်အဦများ ပြည်သူ့ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့အရပ်သားပြည်သူနေထိုင်သည့်နေရာများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆွီဒင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။