ဇွန် – ၂၈ ၊၂၀၂၅/People’s Spring
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် က ကျေးရွာတွေမှာ ကရင်နယ်ခြားစောင့်တပ်(BGF)က ကျေးရွာအုပ်ချုပ်ရေးမှုးတွေနဲ့ ပေါင်းပြီး တပ်သားသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
BGF ဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ တပ်သားသစ်အင်အားစုဆောင်းတာကို အဆောတလျင် လုပ်ဆောင်လာတာဖြစ်ပြီး တပ်အင်အားကိုလည်းတိုးချဲ့ဖွဲ့စည်းနေပါတယ်။
အထူးသဖြင့် BGF စိုးမိုးရာ လှိုင်းဘွဲ့မြို့နယ်ထဲက ရွာတွေမှာ တစ်ရွာကို တပ်သားသစ် အဖြစ် အနည်းဆုံး ၁၅ ဦးကနေ ၃၀ ခန့်ထိ စုဆောင်းနေပြီး လှိုင်းဘွဲ့မြို့နယ် ၊ ကြာအင်းရွာ စစ်သင်တန်းပေးတယ်လို့သိရပါတယ်။

Public Service Announcement
တပ်သားသစ်စုဆောင်းရာမှာ ကျေးရွာကာကွယ်ရေးအတွက်ဆိုပြီး ဆင့်ခေါ်တာဖြစ်ပြီး စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံဘက်ထွက်ပြေးတိမ်းရှောင်တာလည်းရှိပါတယ်။
ဒါအပြင် စစ်သင်တန်းတက်ရောက်မယ့် လူငယ်တွေအတွက် သင်တန်းစရိတ် ၊ စားစရိတ်ကိုလည်း ကျေးရွာတွေကနေ BGF က ကောက်ခံတယ်လို့ သိရပါတယ်။
အဲဒီလိုကောက်ခံနေတာကတော့ BGF တပ်မှာ တပ်နယ်(၁)၊ တပ်နယ်(၂)လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က အသိပေးပါတယ်။
“BGF (ပိုက်ဆံ)ကောက်တာပေါ့၊ ကျေးရွာလူကြီး လုပ်စားတာလည်း တချို့တဝက်ပါတယ်၊ ပိုက်ဆံ ၁ သိန်းကျော်ကောက်ရင် ကျေးရွာလူကြီးတစ်ဝက် BGF တစ်ဝက်ရတာပေါ့ ” လို့ BGF နဲ့ နီးစပ်တဲ့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ် ၊ ကြာအင်းရွာမှာ BGF က စစ်သင်တန်းပေးရာမှာ အခြေခံစစ်ပညာသင်မကဘဲ လက်နက်ကြီးသင်တန်း ၊ စနိုက်ပါသင်တန်း ၊ ဆေးတပ်သားသင်တန်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။
အခြေခံစစ်သင်တန်းဆင်း တပ်သားသစ်တွေ ကို သက်ဆိုင်ရာတပ်ရင်းဌာနချုပ်နဲ့ စစ်စခန်းတွေမှာ တာဝန်ချသလို BGF ရဲ့ စစ်ဆေးရေးဂိတ်တွေမှာတာဝန်ထမ်းဆောင်ရသူတွေလည်းရှိတယ်လို့ BGF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဘားအံ-သထုံလမ်း၊ ဘားအံ-ကမမောင်း၊ ကြာအင်းဆိပ်ကြီး-ကျိုက်မရောလမ်း၊ မြ၀တီ-ကော့ကရိတ်-ဘားအံ-လှိုင်းဘွဲ စတဲ့ ကားလမ်းပိုင်းတွေမှာ BGF ကလည်း အခြားကရင့် လက်နက်ကိုင်တပ်ဖွဲ့တွေနည်းတူ စစ်ရေးဂိတ်တွေ ဖွင့်လှစ်ထားပါတယ်။


















































