ဇူလိုင်-၁၊ ၂၀၂၅။ People’s Spring
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်း လွှတ်တော်နေရာ ၁၀ရာခိုင်နှုန်းပင် မရှိတဲ့၊ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ‘ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း’ အစီအစဥ်ကနေ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ ပြောကြားလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို အတင်းအကျပ်ပြုလုပ်ဖို့ စိုင်းပြင်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
“အချက်အလက်တွေအရ အကြမ်းဖက် စစ်အုပ်စုပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့ကြတဲ့ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပါတယ်” လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement
လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီများအနက် စစ်တပ်ကျောထောက်ခံပြုပါတီ ပြည်ခိုင်ဖြိုးပါတီက ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ၁,၁၂၉ နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်/တိုင်းလွှတ်တော် ၃၈ နေရာ စုစုပေါင်း ၇၁ နေရာ အနိုင်ရခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၈ နေရာ၊ ပြည်နယ်/တိုင်းလွှတ်တော် ၅၀၁ နေရာ၊ တိုင်းရင်းသားလူမျိုး ၂၃ နေရာ စုစုပေါင်း ၉၂၀ နေရာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက သူကိုယ်တိုင် ဝင်ရောက်ယှဥ်ပြိုင်ပေမယ့် တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။ အလားတူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကနေ ကိုယ်စားပြုပြီး အနိုင်ရခဲ့ပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီသစ်ထောင်ပြီး ဝင်ရောက်ယှဥ်ပြိုင်တဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ပါတီဥက္ကဋ္ဌ သူကိုယ်တိုင်နဲ့ သူ့ကိုယ်စားလှယ်လောင်းလည်း တစ်နေရာမှ အနိုင်မရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ပြည်သူ့ပါတီရော၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ကြမှာပါ။
လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ထားပြီး လူထုထောက်ခံမှုမရှိတဲ့ ပါတီတွေနဲ့ ဟန်ပြပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လို့ NUG က ရပ်တည်ချက်သဘောထား ထုတ်ပြန်ပါတယ်။
ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာမရှိဘဲ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ NUG ရဲ့ ရပ်တည်ချက်ကို ထပ်မံပြောကြားပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဲဒီ့ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ အခိုင်အမာ တည်ရှိနေပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
၂၀၂၁ ခုနှစ် မတ်လ(၃၀)ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေသာ ဖြစ်မယ်လို့ NUG ကဆိုပါတယ်။
ဒါ့အပြင် ဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေဟာ မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် နဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးပါတယ်။
ပြည်သူလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က တိုက်တွန်းပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမလုပ်ခင်မှာ အတုအယောင် ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုကိုလည်း ပုံဖော်လုပ်ဆောင်လာတာတွေ့ရတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်ဟာ ထောက်ခံသူ လူတစုနဲ့အတူ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို လူကြားကောင်းရုံသုံးပြီး ဟန်ပြဆွေးနွေးပွဲ တွေလုပ်နေချိန်မှာပဲ တဘက်မှာလည်း ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေကိုလည်း ဆက်တိုက်ဆိုသလို ကျူးလွန်နေတာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဇွန်လ ၂၀ ရက်အတွင်း ငလျင်ဒဏ်သင့် ဒေသတွေအပါအဝင် နိုင်ငံ တစ်နံတစ်လျားမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်
ပေါင်း (၉၈၂) ကြိမ် ကျူးလွန် ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားသေဆုံးမှု (၆၀၈) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁,၃၀၈) ဦးရှိခဲ့တယ်လို့ NUG စာရင်းပြုစုထားပါတယ်။
ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ပင်မတရားခံ အရင်းအမြစ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဆောင်ယူနိုင်မှာဖြစ်တယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုတရပ်လုံးရော နိုင်ငံတကာအဖွဲ့အစည်းတွေကိုရော အကြမ်းဖက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအပါအဝင် အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဒီလုပ်ငန်းစဉ်တွေမှာ ပါဝင်ကြသူတွေ အားလုံးကို တော်လှန်ဆန့်ကျင်ကြဖို့ ဆက်လက်တိုက်တွန်းပါတယ်။


















































