Connect with us

Hi, what are you looking for?

သတင်း

ရွှေညဝါဆရာတော်ကြီးကို စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာလို့ ရွှေဝါရောင်ဆရာတော်တွေ မိန့်ကြား

နိုင်ငံရဲ့အရေးတိုင်း တက်ကြွစွာပါဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ဟာ စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။

စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများခံစားခဲ့ရတဲ့ အင်းလေးဒေသခံပြည်သူတွေဆီ မေလအတွင်းက ကူညီထောက်ပံ့မှုတွေ ကိုယ်တိုင်ကြွရောက်လုပ်ဆောင်နေစဥ်။ ဓာတ်ပုံ - Shwenyawar/FB

ဇူလိုင်-၁၀၊ ၂၀၂၅။ People’s Spring

နိုင်ငံရဲ့အရေးတိုင်း တက်ကြွစွာပါဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ဖြစ်စဉ်ဟာ စစ်အာဏာရှင်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်လိုက်တာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားလိုက်ပါတယ်။

ရွှေညဝါဆရာတော်ကြီးဟာ မတရားဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲက ရလာတဲ့ ရောဂါတွေနဲ့ စစ်အာဏာရှင်တွေက ကောင်းစွာဆေးကုသခွင့်မပေးခဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အသတ်ခံခဲ့ရတာလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

“ထောင်ထဲက ပြန်ထွက်လာတဲ့အချိန်မှာ အခြေနေက တော်တော်ဆိုးတယ်။ ဆိုးတဲ့အခါမှာ မြန်မာပြည်မှာက ဆေးရုံတွေက ဆရာတော်ကြီးရဲ့ အခြေအနေကို ကုနိုင်တဲ့ အခြေနေမရှိဘူး။ ထိုင်းတို့ ဘာတို့မှာ ကုမှရမှာ။ သူ့ဒကာတွေက နိုင်ငံခြားမှာဆေးသွားကုဖို့ လုပ်တဲ့အခါမှာ ပတ်စပို့တွေလုပ်ပေးဖို့ စီစဉ်တယ်။ စစ်အာဏာရှင်တွေကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပတ်စပို့ ထုတ်မပေးဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တာပါ။ ဒါ့ကြောင့် စစ်အာဏာရှင်တွေဟာ ထောင်ထဲကိုထည့်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တယ်။ အတွင်းမှာ သေရင်လည်း သူတို့တာဝန်ဖြစ်မှာဆိုးလို့ ရည်ရွက်ချက်ချက်ရှိရှိနဲ့ ဆေးကုသခွင့်မပေးဘဲ သတ်တာဖြစ်ပါတယ်။ ဒီကနေ့ဟာ ဆရာတော်ကြီးဟာ ပျံလွန်တော်မူရမယ့် အချိန်မဟုတ်ဘဲ ပျံလွန်တော်မူခဲ့ရတာပါ”လို့ ရွှေဝါရောင်ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားပါတယ်။

Public Service Announcement

Public Service Announcement

ဆရာတော်ကြီးဟာ ဖမ်းဆီးမခံရမီ ကိုဗစ်ကာလကတည်းက ကျန်းမာရေးကောင်းမွန်ခြင်းမရှိဘဲ စစ်အာဏာရှင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။

ရွှေညဝါဆရာတော်ကြီးပျံလွန်မူသွားတာဟာ သာသနာအတွက်ရော တော်လှန်ရေးအတွက်ပါ ဆုံးရှုံးမှုကြီးမားတယ်လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)က မိန့်ကြားပါတယ်။

” စစ်အာဏာရှင်တွေက နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တယ်။ ဆေးကုသခွင့်လည်း မရခဲ့ဘူး။ နိုင်ငံခြားထွက်ခွင့် မရတာပေါ့။ အာရှတော်ဝင်ရောက်တဲ့အထိ ဆရာတော်ကြီးကို စောင့်ကြည့်ခံရတဲ့ အခြေအနေရှိတယ်။ အမြဲတမ်းသူ့ကို စောင့်ကြည့်နေတယ်။ လွတ်လပ်မှုမရှိဘူးပေါ့။ ဘုန်းဘုန်းတို့နဲ့ စကားတိုက်ရိုက်ပြောမရဘူး။ တဆင့်ခံနဲ့ပဲပြော ကျန်းမာရေးအခြေအ‌နေကို သိခွင့်ရတယ်”လို့ အရှင်ထာဝရ (နော်ဝေ)က မိန့်ကြားပါတယ်။

ဆရာတော်ကြီးဟာ အာဏာရှင်အစိုးရတွေ တလျှောက်လုံးမှာ သူချစ်တဲ့ တပည့်သားသမီးတွေအပေါ်မှာပဲ ရပ်တည်ကာကွယ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“စစ်အာဏာရှင်စနစ်ကို ကာလတစ်လျှောက်လုံးပဲ တကယ်ကို လုပ်ဆောင်ခဲ့တဲ့ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကတော့ သာသနာရဲ့ကျေးဇူးအနေနဲ့ကြည့်ရင်လည်း အလွန်များပါတယ်။ သူ့ရဲ့ သာဓုကျောင်းတိုက်ကြီးမှာ ဓမ္မာစာရိယစာဝါတွေကို သူ့ရဲ့ကျောင်းတိုက်ကြီးမှာ သံဃာတွေထောင်နဲ့ချီပြီးတော့ သင်ကြားပေးခဲ့တယ်။ စီမံပေးခဲ့တယ်။ မန္တလေးဗုဒ္ဓတက္ကသိုလ်မှာလည်း ဆရာကြီးဦးမြင့်ဆွေက ဗုဒ္ဓတက္ကသိုလ် ရန်ကုန်မှာတည်ထောင်ချင်တယ်ဆိုတဲ့အခါ နေရာအခက်အခဲရှိနေတဲ့အခါ ‌ရွှေညဝါဆရာတော်ကြီးနဲ့ တွေ့ပြီး ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ တာဝန်ယူပေးပါ့မယ်ပြောတော့ ဗုဒ္ဓတက္ကသိုလ်ကို သူ့ကျောင်းတိုက်မှာ နေရာပေးတယ်ပေါ့။ မန္တလေးဗုဒ္ဓတက္ကသိုလ်ကို သာဓုကျောင်းတိုက်မှာ ဖွင့်တယ်ပေါ့။ သံဃာတော်တွေ ထောင်နဲ့ချီ ပညာသင်ခွင့်ရတယ်။ အဲဒါဟာ ဆရာတော်ကြီးရဲ့ ကျေးဇူးတွေကြောင့်ပေါ့”လို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။

ဆရာတော်ကြီးဟာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကယ်ဆယ်ရေးတွေကိုလည်း သူကိုယ်တိုင်သွားရောက် ကယ်ဆယ်ခဲ့တယ်လို့လည်း မိန့်ကြားပါတယ်။

“မြန်မာနိုင်ငံထဲမှာ ရေဘေး၊ငလျင်ဘေး၊ ဘယ်လိုဘေးပဲဖြစ်ဖြစ် အရောက်သွားပြီးတော့ တကယ်ကို ကူညီပေးတဲ့ ဆရာတော်ကြီးပါ”လို့ ဆက်မိန့်ကြားပါတယ်။

နိုင်ငံအရေး၊ ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးလည်း ၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတဲ့အရေးတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလို့ ဆိုပါတယ်။

“နိုင်ငံရေးမှာဆိုလည်း ဘယ်နေရာမှ မကျင်းပရဲတဲ့ပွဲဆိုလည်း ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ အကုန်လုံး နိုင်ငံရေးပွဲတွေ အမြဲတမ်းကျင်းပတယ်။ ဆရာတော်ကြီးကတော့ ပြတ်ပြတ်သားသား ဓမ္မဘက်မှာရပ်တည်တယ်။ ဒီလိုရပ်တည်လို့လည်း စစ်အာဏာရှင်တွေက တရားဟောခွင့်ပိတ်ပင်တယ်”လို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။

စစ်အာဏာရှင်တွေက ၂၀၁၁ ဖေဖော်ဝါရီ ၁ဝရက်ကစ၍ ၂ဝ၁၂ ဖေဖော်ဝါရီ ၁၁ရက်နေ့ထိ တစ်နှစ် တရားဟောခွင့်ပိတ်ထားခဲ့ပါတယ်။

“ဆရာတော်ကြီးကို ၂၀၁၁အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ မန္တလေးက NLDပါတီက ပင့်တယ်ပေါ့။ ပင့်တဲ့အခါမှာ NLDရုံးမှာ ဆရာတော်ကြီးက တရားဟောတာ မဟုတ်ပါဘူး။ ကုလားထိုင်လေးပေါ်မှာ ဩဝါဒချီးမြှင့်တာပေါ့။ အဲဒါကို တရားဟောရမလားဆိုပြီး ရွှေညဝါကျောင်းက ထွက်ပေး၊ မထွက်ပေးရင် ဖမ်းမယ်ဆိုပြီးတော့ လုပ်တယ်။ ဆရာတော်ကြီးက ထွက်ပေးပြီးတော့ မှော်ဘီမှာ ရွှေညဝါကျောင်းတိုက်ဆိုပြီးတော့ ကျောင်းတိုက်အသစ်တည်ထောင်ရတာပါ”လို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။

ဒါကြောင့် တရားဟောခွင့်ပိတ်ပင်ထားပေမယ့် NLDရုံးမှာ တရားဟောတယ်ဆိုပြီး ၂၀၁၂ ဇန်နဝါရီ ၁၉ရက်မှာ ကြည့်မြင်တိုင်မြို့နယ်က သာဓုကျောင်းတိုက်ကနေ ထွက်ခွာခဲ့ရပြီး မှော်ဘီမြို့နယ်မှာ ရွှေညဝါကျောင်းတိုက်အဖြစ် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ကြီးဟာ တကျော့ပြန် စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးခံရပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ရက်မှာ ထောင်က ပြန်လွတ်လာပြီးနောက် ထောင်ကပါလာတဲ့ အသည်း‌ရောဂါကို အာရှတော်ဝင်ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

“ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားက ကျင်းပခွင့်ရမယ်၊ မရဘူးဆိုတာ ခုလောလောဆယ်မှာတော့ သေချာမသိရသေးဘူး”လို့ အရှင်ထာဝရ (နော်ဝေ)က မိန့်ကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။