ဇူလိုင်-၂၄၊၂၀၂၅။လူအေး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအနီး အရပ်သားအမျိုးသမီးနှစ်ဦးအား သေနတ်သမားနှစ်ဦးက ယနေ့ညနေတွင်လူမြင်ကွင်း၌ပစ်ခတ်သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။
အိမ်စီးကားဖြင့်လာသူအမျိုးသမီးနှစ်ဦးကိုမူဆယ်မြို့မီးသတ်တပ်ဖွဲ့ရုံးအနီး၌ အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်သည်ဇူလိုင်လ၂၄ရက် ညနေ ၃နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီးထိတ်လန့်တုန်လှုပ်စရာကောင်းသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
၎င်းက “ကျွန်မတို့ရောက်သွားတဲ့အချိန်မှာနှစ်ဦးစလုံးသေဆုံးနေပြီ။ သေနတ်သမားတွေလည်းထွက်ပြေးသွားတယ်ပဲ သိရတယ်။ မီးသတ်ရုံးမှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတယ်”ဟု ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည်မူဆယ်မြို့လယ်တွင်ရှိပြီး စစ်ကောင်စီတပ်စွဲထားသည့် မီးသတ်ရုံးနှင့်လည်း ပေ ၃၀ ခန့်သာ ဝေးသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ လာရောက်စစ်ဆေးခဲ့သည်။
“ကျမတို့ကြောက်လို့ အဲ့ဒီနေရာကအမြန်ဆုံးပြန်လာခဲ့တယ်။ တရားခံကိုမဖမ်းမိဘူးလို့သိရတယ်။ မူဆယ်မြို့ကပြန်ပေးဆွဲမှုတွေ၊ လူသတ်မှုတွေ၊ ဓားပြတိုက်မှုတွေနဲ့ အရမ်းကိုကြောက်စရာကောင်းနေပြီ”ဟု အထက်ပါအမျိုးသမီးကပြောသည်။
ပြီးခဲ့သည့်ဇွန်လ ၂၆ရက်ကလည်း မူဆယ်မြို့ရှိ ကွတ်ခိုင်တည်းခိုခန်းလမ်းအနီးရှိ အမှိုက်ပုံနေရာ၌ အသတ်ခံရသည့်အမျိုးသားတစ်ဦး၏ရုပ်အလောင်းစွန့်ပစ်ထားသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။
မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့်နယ်စပ် အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မတိုက်ခိုက်ဘဲ ချန်ထားခဲ့သည့်မြို့ဖြစ်သည်။
မူဆယ်အနီး (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို မဟာမိတ်ညီနောင်များက သိမ်းယူထားသည်။ မူဆယ်မြို့ပေါ်ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားသည်။
မူဆယ်မြို့ပေါ်မှ လုယက်မှုပြန်ပေးဆွဲမှုများမှုတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များပါဝင်နေကြောင်း မြို့ခံများကပြောသည်။


















































