Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုလို တခြားမြို့များလက်မလွှတ်ရရေး ကာကွယ်ရေးအစီအမံများ လုပ်ဆောင်နေဟု TNLA ပြော

တအာင်းတပ်မတော်(PSLF/TNLA)အနေဖြင့် နောင်ချိုမြို့ကို လက်လွှတ်ထားရသော်လည်း ကျန် ထိန်းချုပ်မြို့နယ်များ လက်မလွှတ်ရရေး ကာကွယ်ရေးအစီအမံများ လုပ်ဆောင်လျက်ရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားပြီး တော်လှန်ရေးအင်အားစုများအားလုံးပေါင်းပြီး စစ်ကောင်စီကို တော်လှန်ရန် ကြိုးပမ်းနေသည်ဟု အသိပေးသည်။

နမ္မတူမြို့အခြေစိုက် စစ်ကောင်စီ၏ ဗျူဟာစခန်းသိမ်းပိုက်ပြီးနောက် TNLAက အလံလွှင့်ထူနေစဉ်။ ဓာတ်ပုံ - TNLA

◾️မဟာမိတ်တပ်များ၏ ပူးပေါင်းပါဝင်မှုအရေးကြီးဟုဆို

◾️တရုတ်အစိုးရ ဖိအားမလွန်ဆန်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးမှုဆက်ရှိသော်လည်း ရပ်တည်ချက် မပြောင်းလဲဟု TNLA ထပ်ပြော

◾️နောင်ချို-မိုးကုတ်လမ်းပိုင်းတွင် တိုက်ပွဲဆက်ဖြစ်နေ

ဩဂုတ်-၅၊ ၂၀၂၅။ ရဲခေါင်၊သက်ဝေ/People’s Spring

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်(PSLF/TNLA)အနေဖြင့် နောင်ချိုမြို့ကို လက်လွှတ်ထားရသော်လည်း ကျန် ထိန်းချုပ်မြို့နယ်များ လက်မလွှတ်ရရေး ကာကွယ်ရေးအစီအမံများ လုပ်ဆောင်လျက်ရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားပြီး တော်လှန်ရေးအင်အားစုများအားလုံးပေါင်းပြီး စစ်ကောင်စီကို တော်လှန်ရန် ကြိုးပမ်းနေသည်ဟု အသိပေးသည်။

TNLA၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ဩဂုတ် ၅ရက်တွင် ကျင်းပရာ ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် ဇူလိုင် ၁၅ရက်တွင် မြို့ကို လက်လွှတ်ခဲ့ရသော်လည်း လက်ရှိ နောင်ချိုအနီးအနားတဝိုက်တိုက်ပွဲများ ပြင်းထန်နေကြောင်း ပြောသည်။

စစ်ကောင်စီတပ်ထိုးစစ်ကာလအတွင်း အရပ်သားများကိုအတက်နိုင်ဆုံးကာကွယ်ပေးခဲ့ကြောင်း၊ နောင်ချိုကို လက်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း စစ်ကောင်စီက တိုက်ပွဲနေရာများသာမက တိုက်ပွဲမရှိသည့် နေရာများမှ အရပ်သား ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေ၍ အရပ်သား သေကြေပျက်စီးမှု ပိုမိုမဖြစ်စေရန် ဆုံးဖြတ်ကာ မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ဟု ပြောသည်။

“အရပ်သားတွေ ဒီထက်ပိုပြီးသေကြေပျက်စီးမှုမရိအောင်ဆိုပြီး ဗဟိုကနေတဆင့်ဆုံးဖြတ်ချက်ချပြီး ကျမတို့ပြန်လည်ဆုတ်ခွာတာဖြစ်ပါတယ်။ တခြားသော အကြောင်းအရာတွေက အဲဒီလောက်ထိတော့မရှိဘူးပေါ့” လွေးယေဦးက ပြောသည်။

နောင်ချိုတိုက်ပွဲများအတွင်း မဟာမိတ်တပ်များ၏ ပူးပေါင်းပါဝင်မှုရှိကြောင်း ၊ နောင်ချိုမြို့ကို အပြင်းထန်ဆုံး ခုခံနေချိန် မဟာမိတ်၏ ကူညီမှုအပြည့်အ၀ရရှိခဲ့ကြောင်း ပြောပြသည်။

” နောင်ချိုမြို့ကို ပူးတွဲပြီးကျမတို့ခံစစ်ပြင်နေတဲ့အချိန် အားလုံးရဲ့ ပူးပေါင်းပါဝင်မှုရှိသလို ဒီဆုံးဖြတ်ချက်(မြို့မှ ဆုတ်ခွာရန် ဆုံးဖြတ်ချက်)ချလိုက်တဲ့အချိန်မှာ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျမတို့ ပြန်လည်ဆုတ်ခွာတာဖြစ်ပါတယ်” ဟု လွေးရေဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက မိုးကုတ်မြို့ကို အပြင်းအထန် လေကြောင်းတိုက်ခိုက်နေသည်ဟု ပြောသည်။ မိုးကုတ်နှင့် သပိတ်ကျင်းမြို့ ဘက်တိုက်ပွဲဖြစ်နေပြီး သီပေါနှင့် ကျောက်မဲတို့၌လည်း စစ်ရေးဖိအား ကြုံနေရဟု ပြောသည်။

“ဒီမြို့တွေကိုထိန်းချုပ်နိုင်ဖို့ ကျမတို့က လိုအပ်တဲ့ပြင်ဆင်မှုတွေထားရှိပါတယ်။ လိုအပ်တဲ့အကူအညီတွေလည်းကျမတို့ရယူပါတယ်။ နိုင်ငံရေးမှာပဲပြောပြော စစ်ရေးမှာပဲပြောပြော မဟာမိတ်ရဲ့ ပူးပေါင်းပါဝင်မှုက အလွန်အရေးကြီးပါတယ်”ဟု လွေးယေဦးက ပြောသည်။

တဦးတဖွဲ့တည်းဖြင့် လုပ်ရန် မလုံလောက်၊ခက်ခဲနေ၍ မဟာမိတ်အားလုံးနှင့် လက်တွဲဆောင်ရွက်နေဟု ပြောသည်။ နောင်ချို-မိုးကုတ်လမ်းပိုင်း တိုက်ပွဲရှိနေကြောင်း အသိပေးသည်။

နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ဝင်ရောက်နေရာယူနိုင်မှုအပေါ် ဝေဖန်အကြံပြုမှုများကို လက်ခံကြောင်း၊ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ် ဆန်းစစ်နေကြောင်းလည်း ပြောသည်။

“မဟာမိတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ ကျမတို့က တော်လှန်ရေး ပန်းတိုင်ဆောင်ရွက်နိုင်ဖို့ ကျမတို့ အပြည့်အ၀ဆောင်ရွက်သွားဖို့ လည်းရှိပါတယ်။ဆိုတော့ ကျမတို့နဲ့ ရည်မှန်းချက် ပန်းတိုင်ချင်းတူတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်။” ဟု လွေးယေဦးက ပြောသည်။

ပန်းတိုင်တူသည့် အဖွဲ့အစည်းများ အင်အားစုများနှင့် ပူးပေါင်းရန်ရှိကြောင်း ပြောသည်။

“တဆက်တည်းမှာ အားလုံး ပူးပေါင်းပါဝင်ရေး ကျမတို့ ကြိုးပမ်းနေတာရှိပါတယ်။ ကျမတို့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)၊ (၂) ဖော်ဆောင်နေတဲ့အချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေကို ကျမတို့ ဖိတ်ခေါ်တာမျိုးရှိပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ အားလုံးပါဝင်ကြဖို့ ပြောဆိုနေတာမျိုးတွေရှိပါတယ်။ တချို့ကလည်း ပါဝင်လာကြသလို တချို့ကလည်း အခြေအနေ အရပ်ရပ်ကြောင့် မပါဝင်နိုင်သေးတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ ကျမတို့ကတော့ အားလုံး ပါဝင်တဲ့ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုရရှိဖို့ကျမတို့ ကြိုးပမ်းနေတာမျိုးရှိပါတယ်”ဟု လွေးယေဦးက ပြောသည်။

ရှမ်းမြောက်တွင် လက်ရှိ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ TNLA တပ်တဖွဲ့တည်းသာ ရှိပြီး ကျန် တော်လှန်ရေးအင်အားစုအားလုံး ပါဝင်နိုင်ရေး ကြိုးပမ်းနေကြောင်း ထပ်လောင်းပြောသည်။

“စစ်ရေးဖိအားကတော့အားလုံးသိကြတဲ့အတိုင်း ပါပဲ အပြင်းအထန်ဆောင်ရွက်နေတာရှိတယ်။ လက်ရှိနောင်ချို ပြီးသွားတဲ့နောက်ပိုင်း မိုးကုတ်သွားတဲ့လမ်း၊ ပြီးတော့သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲ အစရှိတဲ့ဘက်မှာ ကျမတို့ စစ်ရေးဖိအားရှိနေတာမျိုးရှိတယ်။ ကျမတို့လည်း အတက်နိုင်ဆုံး ပြင်ဆင်တာမျိုးတွေရှိတယ်။”ဟု လွေးယေဦးက ပြောသည်။

ထို့ပြင် TNLA အနေဖြင့် တရုတ်အစိုးရ၏ ဖိအားပေးမှု ကို ဆက်လက်ရင်ဆိုင်နေရကြောင်း ပြောပြသည်။

“ကျမတို့ရဲ့ စစ်ရေးအပေါ်မှာ တရုတ်အစိုးရရဲ့ ပါဝင်မှုတရုတ်အစိုးရရဲ့ ဖိအားကတော့ တောက်လျှောက်ရှိပါတယ်။ လတ်တလောမှာ ဒီလိုမျိုး တိုက်ပွဲတွေမဖော်ဆောင်ဖို့ တရုတ်အစိုးရဘက်ကနေ ဖိအားပေးတာမျိုးတွေရှိပါတယ်။ တကယ်လို့ တရုတ်အစိုးရကသာ ဆွေးနွေးပွဲတွေခေါ်တယ် တွေ့ဆုံပွဲတွေခေါ်တယ်ဆိုရင် ကျမတို့ကတော့ တရုတ်အစိုးရရဲ့ ဖိအားကို မလွန်ဆန်ဘဲ ကျမတို့ သွားနေတာမျိုးတွေရှိပါတယ်။ တွေ့ဆုံမှုကလည်း ကျမတို့က အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တာရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီနှင့် ဩဂုတ်လအတွင်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ရှိသော်လည်း TNLA၏ ဆွေးနွေးရေးမူဝါဒမှာ ယခင်အတိုင်းဖြစ်ကြောင်း ပြောသည်။

“ဩဂုတ်လ တွေ့ဆုံဆွေးနွေးမှုက ကျမတို့ ပြင်ဆင်နိုင်မှု တွေရှိပါတယ်။ တွေ့ဆုံဖို့လည်းဆောင်ရွက်တာမျိုးတွေဖြစ်ပါတယ်။ သို့ပေမယ့် ဘယ်နေ့ဘယ်ရက်ဆိုတာကတော့ အတိအကျ မပြောနိုင်သေးဘူး”ဟု လွေးယေဦးက ပြောသည်။

TNLAက စစ်ကောင်စီနှင့်ဆွေးနွေးရာတွင် နှစ်ဖက်တပ်များ ရောက်သည့်နေရာရပ်ထားရန်၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ရန်နင့်ပြည်သူများကို လွတ်လပ်စွာသွားလာခွင့်ပြုရန် အချက်များကိုတောင်းဆိုထားပြီးယင်းတောင်းဆိုချက်အတိုင်း ရပ်တည်ကြောင်း အသိပေးထားသည်။

“နောင်ချိုကို လက်လွှတ်ပေးရတဲ့ သင်္ခန်းစာကအဓိကတော့ အရပ်သားတွေကာကွယ်ပေးနိုင်ဖို့ ၊အရပ်သားတွေ ထိခိုက်ဆုံးရှုံးမှုတွေမရှိရလေအောင်ပြန်လည်လက်လွှတ်တာမျိုး တွေရှိပါတယ်။ ဒါဆိုတော့ သင်္ခန်းစာတွေ ရယူပါတယ်။ ပြန်လည်သုံးသပ်တာမျိုးရှိပါတယ်”ဟု လွေးယေဦးက နောင်ချိုကဲ့သို့ အခြားမြို့များမဆုံးရှုံးရေးအဖွဲ့၏ အားသာချက် အားနည်းချက်များ ပြန်သုံးသပ်ဟု ပြောပြသည်။

စစ်ကောင်စီက ပြည်သူမရှိ ရန်သူသာရှိသည်ဆိုသည့် သဘောထားဖြင့် ပြည်သူကို ရန်သူကဲ့သို့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည်ဟုလည်း ပြောသည်။

“လတ်တလောမှာဆိုရင် မိုးကုတ်၊ကျောက်မဲ၊ ကွတ်ခိုင်မှာဆို ဒီလိုမျိုးဗုံးကြဲတိုက်ခိုက်မှုတွေ အရပ်သား အစုလိုက်၊ အပြုံလိုက်ကို သေစေတာ ပျက်စီးစေတာ ဖြစ်စေခဲ့ပါတယ်”ဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို လျစ်လျူမရှုရန် တရုတ်အပါအဝင် နိုင်ငံတကာကို TNLAက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။