ဩဂုတ်-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ရဲဘော်များအား ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့၍ KNLA ရဲဘော် ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
ယနေ့ (ဩဂုတ် ၆ရက်) နံနက်က ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်ကျေးရွာအနီးတွင် KNLA တပ်သားများကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
KNLA တပ်သားများက မေတ္တာမြိုအနီးတစ်ဝိုက် လုံခြုံရေး ယူရန်သွားနေစဉ် ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLAဘက်က ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်ဟု အသိပေးသည်။

Public Service Announcement
“ဒါက ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာ။ ဗိုလ်အယ်ခွီးအဖွဲ့က ဘာကြောင့်ပစ်တာလည်း သေချာမသိဘူး။ သိတာကတော့ သူတို့က ကျနော်တို့ကို တကြိမ်ပြီးတကြိမ် ခြုံခိုပစ်တာ တခုပဲ သိတာပေါ့နော်။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်အတွင်းမှာလည်း KNLA ဘက်မှာလည်း တပ်ဗိုလ်အရာရှိ အဆင့်တောင် ကျဆုံးသေဆုံးခဲ့ရတဲ့အထိရှိနေပြီ”ဟု KNLA တပ်မဟာ(၄)သတင်းရင်းမြစ်က ဗိုလ်အယ်ခွီးအဖွဲ့၏ ခြုံခိုတိုက်ခိုက်ခံရမှုအပေါ် ပြောသည်။
ဗိုလ်အယ်ခွီး ခေါ် ဗိုလ်ကော်လာဖိုးသည် ယခင် စစ်အစိုးရလက်ထက်က စစ်တပ်ထံ ၂ကြိမ် အလင်းဝင်ဖူးသူ ဖြစ်သည်ဟု တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။
ဗိုလ်အယ်ခွီးသည် စစ်တပ်အာဏားသိမ်းပြီးနောက် တပ်မဟာ(၄)နယ်မြေအတွင်း ပေါ်ပေါက်လာကာ KNLA တပ်မဟာ(၄)နှင့် ထိတွေ့ပစ်ခတ်မှု အချို့ဖြစ်ခဲ့သည်။ KTLAသည် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်အဖြစ်မှ ဖယ်ရှားခံရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။


















































