အောက်တိုဘာ ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်တပ်က တော်လှန်ရေးတပ်တွေရှိရာ စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၆ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာတဲ့အပေါ် အောက်တိုဘာဒုတိယပတ်က စတင်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ပုလောမြိုနယ် ပလောက်မြိုအနီး ဘုရင့်တောင်ရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို အောက်တိုဘာ ၁၀ရက်က စတင်ပြီး သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဘုရင့်တောင်ရွာကနေ ဆင်ထိုးကြီးဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဆက်ရှိနေတာလို့ဆိုပါတယ်။ ဒါ့အပြင် သရက်ချောင်းမြို့နယ် ဝင်း၀ကျေးရွာဘက်ကလည်း စစ်တပ်စစ်ကြောင်းထိုးလာလို့ KNLAနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ပလောက်ကနေ ဆင်ထိုးကြီးဘက်ကိုကျတော့ စစ်ကြောင်းထိုးတာကျတော့ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃)နယ်မြေဖြစ်တယ်။ ဝင်း၀ကနေ ရငဲဘက်ကျတော့ KNLA တပ်ရင်း(၁၂) ရဲ့ တပ်ခွဲ(၂)နယ်မြေ အဲဒီ ရငဲမှာ ကျတော့ တပ်ခွဲ(၂)နဲ့ ထိတွေ့မှုတွေရှိတယ်။ ဘုရင့်တောင်ကနေ ဆင်ထိုးဘက်ကျတော့ တပ်ရင်း(၁၂) တပ်ခွဲ(၃)နဲ့ ဖြစ်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်တပ်က စစ်ရေးဆက်လက်လှုပ်ရှားလာရင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ အသိပေးပါတယ်။
အခု စစ်တပ် စစ်ကြောင်းထိုးလာတဲ့ ဒေသဟာ စက်တင်ဘာလကုန်ပိုင်းက ရေကြီးမြေပြိုလို့ သဘာ၀ဘေးကြုံနေရတဲ့ ဒေသဖြစ်ပြီး ပြန်လည်ထူထောင်ရေး မလုပ်ဆောင်ရသေးချိန် စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံတွေဟာ သဘာ၀ဘေးအပြင် စစ်ဘေးပါ ကြုံနေရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၄ရက်မှာဆိုရင် စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရင့်တောင်ရွာ ရှိ ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ပျက်စီးမှု ရှိခဲ့သလို ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။



















































