ဩဂုတ်-၉၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။
ဩဂုတ် ၈ ရက် နေ့လည် ၂နာရီခွဲ အချိန်ခန့်တွင် ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့၌ လူတစ်ဦးဓားခုတ်ခံရသည်ဟု သတင်းရသောကြောင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အခင်းနေရာ၌ ဓားခုတ်ခံရသည့်သူသည် သွေးထွက်လွန်နေသောကြောင့် စမ်းချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်အတူလိုအပ်သည့်မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြောင်း အထက်ပါ အဖွဲ့ကအသိပေးထားသည်။
ထို့နောက် ယင်းလူနာကို အသင်းလူနာတင် ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။

Public Service Announcement
“ကားပါကင်လုရင်း ရန်ဖြစ်စကားများတာကစဖြစ်တယ်လို့ပြောကြတယ်”ဟု စမ်းချောင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ ပြီးခဲ့သည့် ဩဂုတ် ၅ ရက်ညနေကလည်း မြန်မာပလာဇာ ဈေးဝယ်စင်တာ၏ ကားပါကင်၌ အမျိုးသမီးတစ်ဦးကို လူနှစ်ဦးက ဓားဖြင့်ထိုးသောကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ ပြစ်မှူကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။
စစ်ကောင်စီသည် ရန်ကုန်မြို့၌ စီစီတီဗီများတပ်ဆင်၍ တော်လှန်ရေးအဖွဲ့များ၏ မြို့ပြလှုပ်ရှားမှုကို ခြေရာခံ၍ ဖမ်းဆီးမှုများရှိသော်လည်း ပြည်သူများကို အကြမ်းဖက်ခံရသည်ကိစ္စများတွင်မူ လုပ်ဆောင်မှုမရှိသလောက်ဖြစ်သည်။

















































