Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်ဟာ နိုင်ငံ​ရေးအကျဥ်းသားမဟုတ်ပဲ အဂတိမှုနဲ့ပြစ်ဒဏ်ကျ​နေသူလို့ ​ဒေါ်သက်သက်ခိုင် ပုတ်ခတ်​ပြောဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက သတ်မှတ်သလို နိုင်ငံရေးအကျဥ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စားမှုကြောင့် ပြစ်ဒဏ်ချခံထားရတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ဒေါ်သက်သက်ခိုင် က သတင်း​ထောက်မြတ်ခိုင်​မေးမြန်းမှု​ဖြေကြား​နေစဥ်

“ သေးသိမ်အောင်ပြောတဲ့ လူရဲ့အဆင့်အတန်း ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော်တို့ ပြောဖွယ်ရာမရှိပါဘူး”

− ဦးထွန်းမြင့် (NLD-ဗဟိုအလုပ်ကော်မတီ​ပြော​ရေးဆိုခွင့်ရှိသူ)

“ ဒီခေါင်းဆောင်တွေကမှ နိုင်ငံရေးအကျဥ်းသားမဖြစ်ဘူးဆိုရင် တခြားဘယ်သူမှ နိုင်ငံရေးအကျဥ်းသားဖြစ်စရာ မရှိတော့ဘူး။”

− ဦး​အောင်​မျိုးကျော်(AAPP)

“ ဒေါ်သက်သက်ခိုင်ကစစ်တပ်အလိုကျ၊ စစ်တပ်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုရှိလို့ အခုလို ပြောတယ်လို့ မြင်ပါတယ်”

− ကိုသိုက်ထွန်းဦး (PPNM -ဗဟိုဦးဆောင်ကော်မတီဝင်)

အောက်တိုဘာ-၉၊ ၂၀၂၅။People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက သတ်မှတ်သလို နိုင်ငံရေးအကျဥ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စားမှုကြောင့် ပြစ်ဒဏ်ချခံထားရတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို နိုင်ငံမှာမရှိမဖြစ်၊ အချုပ်အခြာအာဏာကို ကာကွယ်တဲ့အဖွဲ့အစည်းအဖြစ် အမြဲတမ်းအသိအမှတ်ပြုမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်က မနေ့က (အောက်တိုဘာ ၈ရက်) သူ့ပါတီ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး ရွေးကောက်ခံအရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးအကျဥ်းသားမဟုတ်ဘူးလို့ ပုတ်ခတ်ပြောကြားခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတကာကတော့ (ဒေါ်အောင်ဆန်းစုကြည်ကို) နိုင်ငံရေးအကျဥ်းသားလို့ နာမည်တပ်တယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသားမဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ ပုဒ်မတွေနဲ့ စွဲခံထားရပြီးတော့ တကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ တကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်”လို့ PPP ဥက္ကဋ္ဌ၊ ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်ကသူ့ပါတီကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်း​ထောက် မြတ်ခိုင်​မေးမြန်းမှုကို​ဖြေကြားစဥ် ထည့်သွင်း​ပြောကြားသွားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ဟာဘယ်လိုပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာခေါင်းဆောင်တွေက သတ်မှတ်ထားပြီးဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်တမ်းတရားတွေပြောဆိုနေသူတွေထဲမှာ စစ်တပ်နဲ့အတူ ဒေါ်သက်သက်ခိုင်လည်း အပါအဝင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီ(CWC)ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်ကပြောပါတယ်။

“ဘယ်လိုလူထုခေါင်းဆောင်ဖြစ်တယ်ဆိုတာ ထမင်းစားကြီးပြင်းတဲ့ လူတိုင်းသိခဲ့ပြီးပါပြီဗျာ။ အပြည်ပြည်ဆိုင်ရာမှာလည်း ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တယ်။အပြည်ပြည်ဆိုင်ရာခေါင်းဆောင်တွေလည်း သိခဲ့တဲ့ ခေါင်းဆောင်ပါ။ အဲဒီခေါင်းဆောင်တစ်ယောက်ကို သေးသိမ်အောင် ပြောတဲ့အဆင့်အတန်း၊ သေးသိမ်အောင်ပြောတဲ့ လူရဲ့အဆင့်အတန်း ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော်တို့ ပြောဖွယ်ရာမရှိပါဘူး။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်တမ်းတရားတွေ ပြောနေတဲ့အထဲမှာ စစ်တပ်အပါအဝင်၊ အဲဒီအမျိုးသမီး(ဒေါ်သက်သက်ခိုင်)လည်း အပါအဝင်ဖြစ်ပါတယ်”လို့ ဦးထွန်းမြင့်က ပြောပါတယ်။

ဆက်လက်ပြီး “သူတို့က စစ်တပ်နဲ့အတူတူ ပုလင်းတူဗူးစို့တွေ။ ထမင်းစားကြီးပြင်းတဲ့ အသိဥာဏ်ရှိတဲ့ လူမှန်သမျှ သူ(ဒေါ်သက်သက်ခိုင်)ပြောတဲ့စကားက ဘယ်လိုအတန်းအစားမျိုးတွေကမှ ပြောထွက်သလဲဆိုတာ သိရှိပြီးဖြစ်ပါတယ်လို့ပဲ ယဥ်ယဥ်ကျေးကျေးပဲ တုန့်ပြန်ချင်ပါတယ်”လို့ ဦးထွန်းမြင့်က ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးအောင်မျိုးကျော်ကလည်း စစ်အုပ်စုနောက်မြီးဆွဲတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဥ်းသားအဖြစ် မသတ်မှတ်တာကို ဘယ်သူကမျှ လက်မခံကြောင်း မှတ်ချက်ပြုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတကြီးဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသားအဖြစ် မသတ်မှတ်ဘူးဆိုရင် ဘယ်လိုလူကို သတ်မှတ်မှာလဲ။ သူတို့ဟာ သူတို့ စွဲချင်တဲ့ ပုဒ်မတွေနဲ့ စွဲထားတဲ့ ကိစ္စလေ။ ဒီခေါင်းဆောင်တွေကမှ နိုင်ငံရေးအကျဥ်းသားမဖြစ်ဘူးဆိုရင် တခြားဘယ်သူမှ နိုင်ငံရေးအကျဥ်းသားဖြစ်စရာ မရှိတော့ဘူး။ သေချာတာကတော့ ရှင်းပါတယ်။ သူတို့(ဒေါ်သက်သက်ခိုင်တို့)က စစ်အုပ်စုရဲ့ နောက်လိုက်နောက်ပါ၊ စစ်အုပ်စုရဲ့ အစေအပါးတွေပဲ”လို့ ဦးအောင်မျိုးကျော်(AAPP)က ပြောပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုအဖြစ် ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်ကနေ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ NLD ပါတီက ဒေါ်သက်သက်ခိုင်ကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပြီးနောက် ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ PPP ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ NLD ပါတီက ဒေါက်တာမေဝင်းမြင့်က မရမ်းကုန်းမြို့နယ်မှာ ဆန္ဒမဲပေါင်း ၉၁,၀၉၆ မဲနဲ့ အနိုင်ရခဲ့ပြီး ဒေါ်သက်သက်ခိုင်ကတော့ ၇,၇၁၂ မဲသာ ရရှိခဲ့ပါတယ်။ ဒါအပြင်သူ့ပါတီကိုယ်စားပြုဝင်ပြိုင်တဲ့ အမတ်​လောင်းအားလုံး တစ်​နေရာမှ မနိုင်ပဲ ရှုံးခဲ့တာဖြစ်ပါတယ် ။

ဒါအပြင်ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ သြဂုတ်လမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီထဲ ပါဝင်ခဲ့ပါတယ်။စစ်တပ်ကျောထောက်နောက်ခံပါတီပြည်ခိုင်ဖြိုးရဲ့ စီစဥ်မှုနဲ့ စစ်ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံခဲ့ကြပြီး အဲဒီပါတီတွေက စစ်တပ်အာဏာသိမ်းဖို့ လမ်းကြောင်းခဲ့ကြတယ်လို့ အဲဒီအချိန်က နိုင်ငံရေး စောင့်ကြည့်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ဒေါ်သက်သက်ခိုင်လည်း စစ်ကောင်စီမှာ ဝန်ကြီးတစ်နေရာရခဲ့ပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ လူကယ်ပြန်ဝန်ကြီးအဖြစ် ၂၀၂၁ ကနေ ၂၀၂၃ အထိ၊ ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၃ ကနေ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အထိ အာဏာသိမ်းစစ်ကောင်စီအတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း ဒေါ်သက်သက်ခိုင်ရဲ့ ပြောဆိုမှုတွေဟာ စစ်တပ်အကြိုက် ပြောဆိုမှုတွေသာဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားဆိုတာ အာဏာသိမ်းစစ်တပ်က သတ်မှတ်မှ နိုင်ငံရေးအကျဥ်းသားဖြစ်တာမဟုတ်ဘဲ မတရားအဓမ္မဖမ်းဆီးမခံရခင်က ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတဦးဝင်းမြင့်တို့ ဘယ်လိုရပ်တည်ခဲ့သလဲ ဆိုတာ ပြည်သူလူထုတရပ်လုံးအသိဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“မတရားတွေ ပုဒ်မတွေတပ်ပြီး နိုင်ငံခေါင်းဆောင်၊ လူထုခေါင်းဆောင်ကို အသရေဖျက်ဖို့သက်သက် လုပ်ဆောင်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်သာလျှင်ဖြစ်တယ်။ ဒါကို ဒေါ်သက်သက်ခိုင်က စစ်တပ်အလိုကျ၊ စစ်တပ်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုရှိလို့ အခုလို ပြောတယ်လို့ မြင်ပါတယ်။ သူ့ရဲ့ ပြောဆိုမှုတွေကို ခေါင်းထဲ ထည့်ဖို့ မလိုပါဘူး”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

လက်ရှိ အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကအညှိုးတကြီး​ထောင်သွင်းအကျဥ်းချမှု​ကြောင့် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်အဖြစ် ဖြတ်သန်းခဲ့ရသလို ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် လွတ်ငြိမ်းလျော့ပေးခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက် ရင်ဆိုင်နေရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့အဆက်အသွယ်မရသလို အာဏာသိမ်းစစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာ စစ်ခေါင်းဆောင်တွေကလွဲလို့ ဘယ်သူမှ မသိရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက သူ့မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ မကြာသေးခင်က တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့အပါအဝင်၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဥ်းသားအဖြစ် ဖမ်းဆီးခံရသူ ၂၉,၇၉၄ ဦးရှိပြီး လက်ရှိ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၂,၄၉၄ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်နိုင်ကြောင်း ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကိုတော်လှန်အနုပညာရှင်တွေက ကမ်ပိန်းတစ်ခုအနေနဲ့ ဒီက​နေ့မှာ လူမှုကွန်ရက်မှာတင်နေကြပါတယ်။

သတင်း

မြင်းခြံအကျဉ်းထောင်မှာနှစ်ရှည်ထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်း သားလူငယ်အမျိုးသားလုံလောက်တဲ့ဆေးဝါးကုသမှုမရလို့ အောက်တို ဘာလ ၁၈ ရက်မှာ သေဆုံးသွားတယ်ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM ) ထံက သိရပါတယ််။

သတင်း

အောက်တိုဘာ ၂၅ ရက်ညမှာ ဖေ့စ်ဘုတ်မှလိုက် လွှင့်ပြီး အမေးအဖြေ အစီအစဥ်ကို​ဒေါ်သက်သက်ခိုင် အသိမ​ပေးဘဲဖျက်သိမ်း

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင် ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်တာကိုခံလိုက်ရပါတယ်။