Connect with us

Hi, what are you looking for?

သတင်း

ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ဒီမိုကရက်တစ်ပါတီရဲ့ စပန်ဘာဂါ အနိုင်ရ

အမေရိကန်ရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု အဘီဂေးလ် စပန်ဘာဂါက တင်မြှောက်ခံခဲ့ရပါတယ်။

အမေရိကန်ရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု အဘီဂေးလ် စပန်ဘာဂါက တင်မြှောက်ခံခဲ့ရပါတယ်။

လက်ရှိ ပြည်နယ် အစိုးရရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ဆမ် အားလ်ဆီယာစ်ကို စပန်ဘာဂါက အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ နိုင်ငံရေးအရ စိတ်ပျက်စရာ ရလဒ်တွေ ကြုံနေခဲ့တဲ့ ဒီမိုကရက်တစ် ပါတီအတွက်တော့ တွန်းအားတစ်ခု ဖြစ်လာစေပါတယ်။ အထူးသဖြင့် ၂၀၂၆ ခုနှစ်၊ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်နေတဲ့ ဒီမိုကရက်တစ် ပါတီအတွက် အများကြီး အားတက်စရာ ဖြစ်လာစေပါတယ်။

စပန်ဘာဂါဟာ ဗာဂျီးနီးယားပြည်နယ် သမိုင်းမှာတော့ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာမှာပါ။ သူဟာ ရာထူးကနေ ထွက်ခွာတော့မယ့် ရီပတ်ဘလစ်ကန် ပါတီဝင် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂလန်းယန်းကင်ရဲ့ နေရာကို ဆက်ခံပါမယ်။

အိမ်နီးချင်း ပြည်နယ်တွေနဲ့ အမေရိကန် တနံတလျားကို၊ တစ်ကမ္ဘာလုံးဆီကို ဗာဂျီးနီးယား ပြည်သူတွေက သတင်းစကားတစ်ခု ပေးပို့လိုက်ကြောင်း၊ အဲဒီ သတင်းစကားကတော့ ဗာဂျီးနီးယားဟာ ပါတီစွဲနဲ့ ရွေးချယ်မှုအစား လက်တွေ့ကျတဲ့ ရွေးချယ်မှုကို ဦးစားပေးလိုက်ပြီဆိုတာ သူက ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးမှာလည်း ဒီမိုကရက်တစ် ပါတီရဲ့ ဂါဇာလာ ဟက်ရှ်မီက အနိုင်ရပြီး အားလ်ဆီယာစ်ရဲ့ နေရာကို ဆက်ခံတော့မှာ ဖြစ်ပါတယ်။

စပန်ဘာဂါဟာ လွှတ်တော် အမတ်ဟောင်းတစ်ဦး၊ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အမှုတွဲ အရာရှိဟောင်း တစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် မဲဆွယ်ရာမှာ စီးပွားရေး မူဝါဒ အပြောင်းအလဲတွေကို အဓိက ပစ်မှတ်ထား ချဉ်းကပ်ခဲ့ပါတယ်။ နိုင်ငံရေး သုတေသီတွေကတော့ လာမယ့်နှစ် သက်တမ်းဝက် ရွေးကောက်ပွဲ ကာလမှာ ဒါဟာ ဒီမိုကရက်တစ် ပါတီက အဓိကထား ကိုင်ဆွဲမယ့် မူဝါဒ ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ထားကြပါတယ်။

မဲဆွယ်မှု တလျှောက်မှာ စပန်ဘာဂါဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စီးပွားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ သတိကြီးကြီးနဲ့ ဝေဖန် ငြင်းခုံတာတွေ လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အားလ်ဆီယာစ်နဲ့ အပြိုင် သူ့ရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ ကြော်ငြာစရိတ်တွေ အတော်များများ သုံးစွဲခဲ့ပါတယ်။ စပန်ဘာဂါဟာ ရီပတ်ဘလစ်ကန် အမာခံ မြို့ရွာတွေအထိ သွားပြီး ရွေးကောက်ပွဲကြို စည်းရုံးရေး ခရီးစဉ်တွေ လှည့်လည်ခဲ့ပါတယ်။

စပန်ဘာဂါဟာ အစိုးရ အသုံးစရိတ် လျှော့ချဖို့ဆိုပြီး ထရမ့်ထူထောင်ခဲ့တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို ဆန့်ကျင်ခဲ့သလို လက်ရှိ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှုကို ကန့်သတ်ထားရတဲ့ shutdown ကိစ္စအတွက်လည်း ရီပတ်ဘလစ်ကန် ပါတီအပေါ် ဝေဖန်ခဲ့ပါတယ်။ သူက DOGEကြောင့် ဗာဂျီးနီးယားမှာ အစိုးရဝန်ထမ်း သိန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးခဲ့တာတွေကို အထူးတလည် မီးမောင်းထိုးပြခဲ့ပါတယ်။

သူ့ရဲ့ အားထုတ်မှုတွေဟာ ဗာဂျီးနီးယားရဲ့ ဒီမိုကရက်တစ် အမာခံ အစုအဖွဲ့တွေကို သဘောကျစေခဲ့သလို ပါတီစွဲ အရမ်းမပြင်းတဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထားကိုလည်း သူ့ဖက်ယိမ်းစေခဲ့ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ယန်းကင်ကို မဲပေးခဲ့ဖူးသူတွေပါ ဒီတစ်ကြိမ်မှာတော့ ပါတီစွဲကို မေ့ထားပြီး စပန်ဘာဂါကို ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးတော့ အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမားလို ပုဂ္ဂိုလ်မျိုးကပါ သူ့အတွက် မဲဆွယ် စည်းရုံးရေး ဆင်းပေးခဲ့တာက စပန်ဘာဂါအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့ပြန်ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ထရမ့်ဟာ အားလ်ဆီယာစ်အတွက် မဲဆွယ်မပေးခဲ့သလို သူ့ကို ထောက်ခံကြောင်းလည်း မည်ကာမတ္တလောက်ပဲ ပြသခဲ့ပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့တုန်းက အမေရိကန်ရဲ့ ဗာဂျီးနီးယားနဲ့ နယူးဂျာစီ ပြည်နယ်တွေမှာ အုပ်ချုပ်ရေးမှူး ရာထူးအတွက် ရွေးကောက်ပွဲတွေ ကျင်းပခဲ့သလို နယူးယောက်မှာလည်း မြို့တော်ဝန် ရာထူးအတွက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။