နိုဝင်ဘာ-၅၊၂၀၂၅။မိထက်/People’s Spring
ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီတပ်-SNA နဲ့ စစ်တပ်အပြည့်အဝထိန်းချုပ်ထားတဲ့ ရွာမှာ ဖြစ်ပွားခဲ့တဲ့ ကတူတိုင်းရင်းသူ စစ်ဘေးရှောင်မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့်ခံရမှုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ SNA ထိန်းချုပ်နယ်မြေထဲက ကတူးအရပ်သားပြည်သူတွေရဲ့လုံခြုံရေးကို အပြည့်အဝ အာမခံပေးဖို့ အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၃၀ ရက်ညက ဗန်းမောက်မြို့နယ်အလယ်ရွာကျေးရွာမှာ ကျန်းမာရေးချို့တဲ့သူ ကတူး အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ ကတူးအရပ်ဖက်အဖွဲ့စည်းတွေက သတင်းမှန်ဖော်ထုတ်နိုင်ဖို့ မျက်မြင်သက်သေတွေဆီ သွားရောက်မေးမြန်းစုံစမ်းခဲ့ပြီး ကတူးစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ကတူးအမျိုးသားအဖွဲ့) နဲ့ ကတူးလူငယ်များအဖွဲ့က နိုဝင်ဘာလ ၄ ရက်နေ့ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမှုရလဒ်နဲ့ပတ်သက်လို့ထုတ်ပြန်ထားတာမှာအောက်တိုဘာ ၃၀ ရက် ည ၉ နာရီခန့်က ဗန်းမောက်မြို့နယ်၊ အလယ်ရွာကျေးရွာ သီလရှင်ကျောင်းမှာ အသက် ၉၀ ကျော်အရွယ် သီလရှင်တစ်ပါး၊ သီလရှင်ကို စောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးတစ်ဦး၊ ကျူးလွန်ခံရသူအမျိုးသမီးငယ် နဲ့သူမရဲ့မိခင်တို့ အတူရှိနေစဉ်မှာ လက်နက်ကိုင်ရဲဘော်နှစ်ဦး ရောက်ရှိလာပါတယ်။အဲဒီနောက် ကျန်းမာရေးချို့တဲ့သူအမျိုးသမီးကို အတင်းဆွဲခေါ်သွားတယ်လို့ဆိုပါတယ်။

Public Service Announcement
မိခင်ဖြစ်သူက သမီးဟာကျန်းမာရေးမကောင်းသူဖြစ်လို့ခေါ်မသွားဖို့ တောင်းပန်ပေမယ့်ဆဲဆိုကြိမ်းမောင်းပြီး သီလရှင်ကျောင်းရဲ့တစ်အိမ်ကျော်က ဦးဝင်းကျော်၊ ဒေါ်အေးချိုတို့ အိမ်ထဲကို အတင်းဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်တာလို့ ထုတ်ပြန်ပါတယ်။
ကျူးလွန်ခံရသူက အသက် ၃၀ကျော်အရွယ် ဒေသခံ ကဒူးတိုင်းရင်းသူ ကိုယ်လက်အင်္ဂါမသန်စွမ်းသူလို့လည်းဒေသခံတွေကပြောပါတယ်။ဖမ်းခေါ်သွားတဲ့မင်းသမီးကို မျက်နှာအဝတ်စည်း၊ လက်ကြိုးတုပ်ပြီး ရဲဘော်တစ်ဦးက အတင်းအဓမ္မပြုကျင့် ခဲ့တာလို့ဖော်ပြပါတယ်။အဲဒီနောက်ည၉ နာရီခွဲအချိန်ခန့်မှာ သီလရှင်ကျောင်းဆီပြန်လည်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
သက်သေတွေရဲ့ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်သူ ရဲဘော်နှစ်ဦးဟာ အသက် ၃၀ အရွယ်ခန့်ရှိပြီး လက်နက်ကိုယ်စီကိုင်ဆောင်ထားကြောင်း၊ယူနီဖောင်း ဝတ်ဆင်ထားသော်လည်း ညအမှောင်မှာ ဘက်တံဆိတ်အမှတ်အသားကို ထင်ရှားစွာတွေ့မြင်ခဲ့ရခြင်းမရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ကို သီလရှင်ကျောင်းကလူတွေကလွဲလို့ဘယ်သူမှမသိခဲ့ကြပါဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။။ ကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့ မိခင်ဖြစ်သူကနိုဝင်ဘာလ၁ရက်မှာအလယ်ရွာကနေ ထွက်ပြေးခဲ့ပြီး ဗန်းမောက်မြို့နယ်တောင်ပိုင်း ဆေးခန်းတစ်ခုသို့ လာရောက်ကာ ကိုယ်ဝန် တားဆေး ထိုးချင်ကြောင်း ပြောဆိုရာ ကနေ မသင်္ကာလို့ စုံစမ်းမေးမြန်းရာမှဖြစ်စဉ်ကို သိခဲ့ကြရတာလို့ ဆိုပါတယ်။
အလယ်ရွာကျေးရွာသးဟာ SNA နဲ့ စစ်ကောင်စီတပ် အပြည့်အဝ ထိန်းချုပ်ထားသော နေရာဖြစ်ပြီး အလယ်ရွာရွာသစ်ဘက်မှာလည်း ၎င်းတပ်တွေနေရာယူတပ်စွဲထားကြောင်း အခိုင်အမာ သိရတဲ့အတွက် ယခုဖြစ်စဉ်ကို SNA က အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့နဲ့ တရားခံကို စစ်ဥပဒေအရအရေးယူပေးဖို့ကတူးစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကတူးအမျိုးသားအဖွဲ့)နဲ့ ကတူးလူငယ်များအဖွဲ့က ပူတွဲထုတ်ပြန်တောင်းဆိုထားပါတယ်။
SNAထိန်းချုပ်နယ်မြေထဲမှာ ကတူးအရပ်သားပြည်သူအများအပြား ရောက်ရှိနေကြပြီး သူတို့ရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံပေးဖို့လည်း တောင်းဆိုထားပါတယ်။ဒါအပြင်နောက်နောင့် ယခုကဲ့သို့ ဆိုးရွားတဲ့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် အထူးသတိပြုထိန်းသိမ်းဆောင်ရွက်ပေးရန်မေတ္တာရပ်ခံတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ဒေသခံအချို့ကတော့ ကျူးလွန်သူဟာ SNAတပ်မဟာ(၆၁၄)ကဖြစ်တယ်လို့ပြောပါတယ်။
“ SNAတွေယုတ်မာတာပါ။အရပ်ဘက်အဖွဲ့တွေကတော့ အခြေအနေရှုပ်ထွေးကုန်မှာစိုးလို့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာဖြစ်တယ်” လို့ ဗန်းမောက်မြို့ခံတစ်ဦးကပြောပါတယ်။
SNAဟာ စစ်တပ် လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးဗန်းမောက်၊ ဟုမ္မလင်း၊တမူး၊ကလေးမြို့နယ်တွေအပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ပါဝင်တိုက်ခိုက်နေပါတယ်။ တိုက်ပွဲတွေအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုတွေ၊ စစ်ရာဇဝဝတ်မှုတွေကိုလည်း ကျူးလွန်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။
စစ်တပ်နဲ့ SNAထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ PDFတွေ၊ မဟာမိတ်တပ်ဖွဲ့တွေက စက်တင်ဘာ ၁၅ရက်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ပြီး စက်တင်ဘာ ၂၁ ရက်မှာ မြို့နဲ့ ဘေးရွာတချို့ကို ထိန်းချုပ်ခဲ့ပါတယ်။
စက်တင်ဘာလနှောင်းပိုင်းမှာ စစ်တပ်နဲ့ SNAတပ်တွေက ပြန်ပြီးထိုးစစ်ဆင်လာလို့ အလယ်ရွာအပါအဝင် ရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
လက်ရှိမှာ မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့ကို ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

















































