Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်နဲ့မိုးမိတ် ပြန်ပေးရတဲ့အပေါ် TNLA ခေါင်းဆောင်ရှင်းပြပြီး ပေးဆပ်နစ်နာသူတွေကို တောင်းပန်

ကျည်၊ ဘတ်ဂျက်မရှိ၊ စစ်အင်အားနည်းလို့ မိုးကုတ်နဲ့မိုးမိတ် အပစ်ရပ်ရပေမယ့် ပွဲမပြီးသေးဟုဆို

TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ TNLA ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဒီဇင်ဘာ-၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring

တအာင်းတပ်မတော်(TNLA)အနေနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ပြန်ပေးလိုက်ရတာဟာ ကျည်၊ ဘတ်ဂျက်မရှိ စစ်အင်အားနည်းလို့ ဖြစ်ကြောင်းအသိပေးပြီး အမှန်တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ဒီဇင်ဘာ ၁ရက် ညသန်းခေါင်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကတဆင့် ရေးသားအသိပေးခဲ့ပါတယ်။

မိုးကုတ် ဋီကာဟုခေါင်းစဉ်တပ်ကာ မိုးကုတ်နဲ့ မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် နိုင်ငံရေးဖြာခင်းသူနဲ့ ဘာမှန်းမသိ ဆဲချင်သူတွေကို ရှင်းပြ အသိပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

” ပထမဆုံး တကယ် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ချင်ပါတယ် ရင်ထဲလှိုက်လှိုက်လှဲလှဲ နာကြင်ရတာမို့ အနူးအညွတ်တောင်းပန်ပါတယ်” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဗိုလ်ချုပ်တားဘုန်းကျော်က “ကျည်မရှိ ဘတ်ဂျတ်မရှိ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်ပွဲကမပြီးသေးပါဘူး..ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ် အိုကွယ် …မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေမိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်…တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲပြီးတော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ” ဟု ရေးသားထားပါတယ်။

တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ်(မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပေမယ့် လက်ထဲရောက်တဲ့ မုန့်မစားရဘဲ ပုတ်ချခံရသလိုမျိုး အသည်းကွဲရတယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားထားပါတယ်။

“ ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။ သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ် …လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင်လေ့ကျင့်ထားတယ်။ ၃-၄ နှစ်ကာလအတွင်း ရဲဘော်အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ခဲ့တယ်” လို့ ဗိုလ်ချုပ်တားဘုန်းကျော်က အသိပေးပါတယ်။

အာဏာရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးချင်းနီရဲလို့ သေမလောက်ဟုလည်း ရေးသားထားပါတယ်။

” ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမဲ့ မီရာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်” လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဘယ်ဒီဒေးမှ လက်တွေ့ ပါမလာဘဲ အထီးကျန်ခဲ့ရသလို တအာင်းဒေသခံတွေ လေယာဉ်ဗုံးဒဏ်သင့်ကြရဟုဆိုပါတယ်။

TNLAဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မဟာမိတ်တွေနဲ့ ပေါင်းပြီး စစ်ကောင်စီတပ်စခန်းရာချီ၊ မြို့ ၁၂မြို့ကို သိမ်းပိုက်ခဲ့တာပါ။ ၂၀၂၅ မှာတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလကုန်မှာတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီထံ ပြန်ပေးကာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာပါ။

အပစ်ရပ်သဘောတူညီချက်အရ TNLA တပ်တွေ ထွက်ခွာပြီး နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီတပ် မိုးကုတ်၊ မိုးမိတ် ပြန်ဝင်လာချိန်မှာတော့ အခြားတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မိုးကုတ်-မိုးမိတ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDFနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ခဲ့သလို မိုးကုတ်မြို့ပြင်မှာလည်း စစ်ကောင်စီနဲ့ PDF တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာဟာ PSLF/TNLA တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ(TLEC) ရဲ့ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းအပ်ပါတယ်လို့ TLEC က ဧပြီ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။