ဒီဇင်ဘာ-၁၈၊၂၀၂၅။သတိုး/People’s Spring
ပြည်သူတွေအပေါ် မတရားဖမ်းဆီးနှိပ်စက်နေတဲ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်က ပိတောက်ချောင်း နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ ရဲစခန်းနှင့် အနီးကပ်ဆုံးမှာ မိုင်းအလုံးများ ချထားနိုင်ခဲ့ပြီး ရဲခွေးများ မနက်အစောပိုင်း ကင်းချိန်းချိန်တွင် ချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။” လို့ စစ်ဆင်ရေးအကြောင်းကို ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၈ရက် နံနက် ၃နာရီ ၄၅ မိနစ်မှာ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
“ ရန်ကုန်တိုင်း၊အနောက်ပိုင်းခရိုင် (ပကဖ)နဲ့ မြို့နယ် (ပကဖ)ရဲဘော်တွေရဲ့စုစည်းမှု” လို့ ရေးသားပြီး ဒီစစ်ဆင်ရေးအကြောင်းကို အနောက်ပိုင်းခရိုင်ကဖက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပူးပေါင်းပါဝင်နေသူတွေကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်တဲ့ Fire Power စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဝေးထိန်းမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
“ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ရန်သူ ထိခိုက်မှုအသေးစိတ်ကတော့ စုံစမ်းအတည်ပြုနေဆဲပါပဲ။” လို့ ဆိုပါတယ်။
Operation Flame အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်ပဲ ရန် ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့အတူ အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီမဟာမိတ်အဖွဲ့တွေက နိုဝင်ဘာ ၂၅ ရက် နံနက်ကလည်း ရန်ကုန်မြို့လယ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

















































