ဒီဇင်ဘာ-၂၀၊၂၀၂၅။မိုမို/People’s Spring
ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ၁၉ ရက်မှာ အလင်းဝင်လာတဲ့တပ်သားက MA1 တစ်လက် ကျည်ဘောက်၃ခု၊ အီနာဂါ၄လုံးနဲ့ ကျည်၂၀၀ အစရှိတဲ့ ခဲယမ်းတွေဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
“ပစ(စစ်မှုထမ်း)ပဲ။ပေါ်တာဆွဲခံခဲ့ရတဲ့သူ”လို့ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူက အလင်းဝင်တပ်သားနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

Public Service Announcement
ရန်ကုန်-ပြည် ကားလမ်းတလျှောက်နဲ့ လက်ပံတန်းမြို့ကို လုံခြုံရေးယူတဲ့ စစ်ကောင်စီဂိတ်၊ စခန်းလေးခုအနက် ဆင်တလင်းကျေးရွာစခန်းကို ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၁၆ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
“ဆင်တလင်းကို ရဲဘော်တွေဝင်စီးပြီးတဲ့နောက် လက်ပံတန်းမြို့ပေါ်ကနေ စစ်တပ်က အင်အား ရာကျော်နဲ့ စစ်ကြောင်းတိုးထားတယ်”လို့ လက်ပံတန်း မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ပံတန်းမြို့နယ်မှာ တပ်မ(၆၆)လက်အောက်ခံတပ်တွေနဲ့ ရဲတွေ ပူးပေါင်းပြီး တပ်စွဲတာနဲ့ စစ် ကြောင်းထိုးနေတာလို့လည်းသူက အသိပေးပါတယ်။
ဆင်တလင်းရွာကစစ်ကောင်စီစခန်းကိုသိမ်းပိုက်မှုနဲ့ နောက်ဆက်တွဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၉ဦးသေဆုံးပြီး လက်နက် ၁၂လက်ရရှိခဲ့ပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို စစ်ကောင်စီတပ်က စစ်ရေးနဲ့ နယ်မြေ အသာစီးရယူဖို့ စစ်ကြောင်းတွေ အဆက်မပြတ်ထိုးနေပါတယ်။
အောက်တိုဘာဒုတိယပတ်ကလက်ပံတန်းမြို့နယ်၊သရက်ချောင်းရွာ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၆၆) လက်အောက်ခံ ခလရ(၁)တပ်ရင်းကစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့လို့ စစ်ကြောင်း ပျက်သွားခဲ့ရဖူးပါတယ်။
တိုက်ပွဲမှာစစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်း ၁၂ဦး ဖမ်းဆီးရမိပြီး လက်နက်တွေသိမ်းရခဲ့တာကို အမှတ်(၂)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။


















































