Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လပေါ်မှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်ဖို့ ရုရှားစီစဉ်

လပေါ်မှာ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ဖို့ ရုရှားက စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

လပေါ်မှာ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ဖို့ ရုရှားက စီစဉ်နေကြောင်း သိရပါတယ်။

ရုရှားရဲ့ လစူးစမ်းရေး အစီအမံထဲမှာတော့ တရုတ်နဲ့ ပူးပေါင်းပြီး သုတေသန စင်တာတစ်ခု တည်ဆောက်ဖို့အပြင် နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်လုပ်သွားဖို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီ စီမံကိန်းဟာ နောက်ထပ် ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာ အကောင်အထည် ပေါ်လာနိုင်ခြေ ရှိနေပါတယ်။

စူပါပါဝါ နိုင်ငံတွေက လမျက်နှာပြင် စူးစမ်းရေးကို ပိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်လာချိန်မှာ ရုရှားကလည်း အဲဒီ ပြိုင်ပွဲထဲ ဝင်ရောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုခေတ်၊ ၁၉၆၁ ခုနှစ်တုန်းက ယူရီ ဂါဂါရင်ဟာ အာကာသထဲ ရောက်ရှိခဲ့တဲ့ ပထမဆုံး လူသားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဆိုဗီယက်ဟာ အာကာသ သိပ္ပံနည်းပညာ ရှေ့ဆောင်နိုင်ငံအဖြစ် မော်ကြွားခဲ့ပေမယ့် နောက်တော့ အမေရိကန်ရဲ့ အပြတ်အသတ် ကျော်တက်မှုကို ခံခဲ့ရသလို အခုအခါ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ တရုတ်ကပါ နောက်ကောက်ချလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ လမျက်နှာပြင် စူးစမ်းရေး အားထုတ်မှုတွေကို ပြန်လည် စတင်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတုန်းက လူမဲ့ လဆင်းယာဉ် Luna-25ဟာ ဆင်းသက်ဖို့ ကြိုးစားရင်း လရဲ့ မျက်နှာပြင်နဲ့ ဆောင့်မိပြီး ပျက်ကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ရုရှားရဲ့ တကျော့ပြန် လမျက်နှာပြင် စူးစမ်းရေး ရည်မှန်းချက်တွေကို အကြီးအကျယ် အထိနာစေခဲ့ပါတယ်။

အခုတော့ ရုရှားအစိုးရပိုင် အာကာသ ကော်ပိုရေးရှင်း Roscosmosက ၂၀၃၆ ခုနှစ်ကျရင် လပေါ်မှာ ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ထားနိုင်ဖို့ ရည်ရွယ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ မျှော်မှန်းချက်အတွက် အာကာသ နည်းပညာ ကုမ္ပဏီ တစ်ခုဖစ်တဲ့ Lavochkinနဲ့လည်း သဘောတူ စာချုပ်တစ်ရပ် လက်မှတ် ရေးထိုးခဲ့ပါတယ်။

Roscosmosက အဲဒီ ဓာတ်အားပေး စက်ရုံဟာ နျူကလီးယား စွမ်းအင်ကို အသုံးပြု လည်ပတ်မယ်လို့ တိတိကျကျ မပြောပေမယ့် ရုရှားရဲ့ နျူကလီးယား စွမ်းအင် ဌာနတွေဖြစ်တဲ့ Rosatomနဲ့ Kurchatovတို့က အဲဒီ စီမံကိန်းမှာ ပါဝင်မယ် ဆိုတာကိုတော့ အတည်ပြုထားပါတယ်။

ဓာတ်အားပေး စက်ရုံရဲ့ ရည်ရွယ်ချက်ဟာ လပေါ်မှာ အခြေစိုက်မယ့် ရုရှားရဲ့ သုတေသန မစ်ရှင်တွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ထောက်ပံ့ပေးနိုင်စေဖို့ ဖြစ်တယ်လို့ Roscosmosက ဆိုပါတယ်။ လပေါ်မှာ အမြဲတမ်း အခြေစိုက် သိပ္ပံသုတေသန စင်တာတစ်ခု ထူထောင်နိုင်ရေး ရည်မှန်းချက်မှာ အဲဒီ ပရောဂျက်ဟာ အရမ်းအရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမယ်လို့လည်း Roscosmosက မှတ်ချက်ပေးခဲ့ပါတယ်။

ဇွန်လတုန်းက Roscosmosရဲ့ အကြီးအကဲဖြစ်သူ ဒီမစ်ထရီ ဘာကာနော့ဗ်က လပေါ်မှာ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရေးနဲ့ ဗီးနပ်စ်ဂြိုဟ်ကို သွားရောက် လေ့လာရေး စီမံကိန်းတွေ ပြင်ဆင်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။