ဒီဇင်ဘာ-၂၇၊ ၂၀၂၇။တိုးနေဝင်း/People’s Spring
မြန်မာရုပ်ရှင်ပေါကားတွေကို ငြီးငွေ့နေကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဒါရိုက်တာကြည်စိုးထွန်း ငြီးတွားလိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်တဲ့ ဒါရိုက်တာကြည်စိုးထွန်းဟာ သူ့ရဲ့ Facebook အကောင့်ကနေ “ သရဲ တစ္ဆေ စုန်းကဝေ အဖြာဖြာ…မိန်းမလျာ လင်လု အစုစုပေါကား ငြီးငွေ့သွားပါသဖြင့် ကာတွန်းရုပ်ရှင်ကား သွားကြည့်သူ မောင်ကျောက်ခဲ” လို့ ရေးသားခဲ့တာပါ။ မောင်ကျောက်ခဲဆိုတာ သူ့ရဲ့ ကလောင်အမည်ဖြစ်ပါတယ်။
ဒါရိုက်တာကြည်စိုးထွန်းဟာ သမ္မတရုံမှာ ပြုလုပ်ခဲ့တဲ့ နေတိုးရဲ့ မိန်းမလျာဇာတ်ကား ပရက်ရှိူးကိုလည်း တက်ရောက်ခဲ့တာဖြစ်လို့ အဲဒီဇာတ်ကားအပါအဝင် ရုံတင်ကားတွေကို မြန်မာပေါကားတွေလို့ ဆိုလိုခဲ့ပုံရပါတယ်။

Public Service Announcement
အာဏာသိမ်းကာလအတွင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ စစ်တပ်အလိုကျ ဝါဒဖြန့်ချိရေးနဲ့ ပေါဇာတ်ကားတွေအများစုသာ ထုတ်လုပ်နေတာဖြစ်တယ်လို့ ရုပ်ရှင်လေ့လာသူတွေက ပြောပါတယ်။
ဒါရိုက်တာကြည်စိုးထွန်းဟာ စစ်တပ်အာဏာသိမ်းကာလမှာပဲ တကျော့ပြန် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဖြစ်လာခဲ့သူပါ။ သူတင်မကဘဲ သူ့သားဖြစ်သူ ချမ်းသာကြည်စိုးကိုလည်း အတွင်းရေးမှူးရာထူးပေးပြီး ခြယ်လှယ်နေတယ်လို့ သိရပါတယ်။
ရုပ်ရှင်အစည်းအရုံးဟာ စစ်တပ်စိတ်တိုင်းကျ ဝါဒဖြန့်ချိရေးတွေမှာ ပါဝင်လုပ်ကိုင်ပေးနေပြီး စီးပွားရေးအရ အမြတ်အစွန်းတွေ ရရှိနေတယ်လို့ ရုပ်ရှင်လောကနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီအလိုကျ အကယ်ဒမီပေးပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး ရွှေကြိုရွေးချယ်ပွဲတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

















































