စက်တင်ဘာ-၂၃၊၂၀၂၆။ဆဏ်း/People’s Spring
စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ အညာဒေသအပါအဝင် တိုင်းရင်းသားဒေသကပြည်သူတွေကို ကူညီပေးဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် အဆိုတော် ချမ်းချမ်းက အသိပေးထားပါတယ်။
“အောက်တိုဘာ ၃၁ မှာ လန်ဒန် UK မှာ Chan Chan in London Tour လေးလုပ်ဖို့ရှိပါတယ်။ အဲဒီ့မှာအားလုံးလာပြီး ပါဝင်အားဖြည့်လို့ရပါတယ်” လို့ ချမ်းချမ်းက ဖိတ်ခေါ်ထားပါတယ်။
အဆိုတော်ချမ်းချမ်းက ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက နှလုံးဖောက်ပြီးဆေးကုသမှုခံယူခဲ့ရပေမယ့် လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပရိသတ်တွေကို Live လွှင့်ပြီး အသိပေးထားပါတယ်။

Public Service Announcement
လန်ဒန်ပွဲမှာဧည့်သည်အဆိုရှင်အနေနဲ့ တော်လှန်အနုပညာရှင် ဝင်းနိုင်စိုးလည်း ပါဝင်မှာဖြစ်ပါတယ်။
ပွဲအတွက် လက်မှတ်ခတွေအနေနဲ့ ယူရို ၃၀ ကနေ ယူရို ၈၀ အထိ သတ်မှတ်ထားပြီး လက်မှတ်တွေကို myanmarcharity.org/pages/seating-plan မှာ ဝင်ရောက်ဝယ်ယူနိုင်မယ်လို့ကြေညာထားပါတယ်။
“တော်လှန်ဒေပါဝလီ၊ တော်လှန်သီတင်းကျွတ် ပွဲတော်တို့ရဲ့ အလင်းရောင်တို့ နှင့်အတူ စစ်ဘေးနှင့် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံ ရုန်းကန်နေရသည့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကချင်၊ ကရင်နီ၊ ချင်း နှင့် ရခိုင်ဒေသတို့မှ တိုင်းရင်းသား သွေးချင်းများထံ လူသားချင်းစာနာမှု အကူအညီများ တိုက်ရိုက်ပေးအပ်နိုင်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။” လို့ ဒီပွဲနဲ့ပတ်သက်ပြီး ချမ်းချမ်းက အသိပေးထားပါတယ်။
ချမ်းချမ်းက ပြည်တွင်းကလိုအပ်တဲ့နေရာတွေကို ထောက်ပံ့ကူညီဖို့ တစ်ကိုယ်တော်ပွဲတွေပြုလုပ်ပြီး ရန်ပုံငွေတွေရှာဖွေပေးနေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်က ၃၈ နှစ် မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားနဲ့အတူ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာပြည်ရဲ့ လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ အသိပေးထားပါတယ်။



















































