ဒီဇင်ဘာ-၂၀၂၅။မိထက်/People’s Spring
ဧရာဝတီတိုင်းထဲကပုသိမ်၊ဟင်္သာတအပါအဝင် ရွေးကောက်ပွဲပြုလုပ်တဲ့မြို့တွေမှာ မဲပေးသူအလွန်နည်းနေပြီး မဲရုံလုံခြုံရေးစောင့်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မဲရုံရှေ့မှာ အိပ်ငိုက်နေတာတွေ့ခဲ့ရပါတယ်။
ဒီကနေ့ မှာ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၁)အဖြစ်မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ လုပ်နေတာဖြစ်ပါတယ်။ မဲရုံတွေရှေ့မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးစောင့်နေတာတွေ့ရပါတယ်။
မနက်၁၀နာရီခန့်အထိ မဲလာပေးသူ အနည်းငယ်သာရှိပြီး မြို့ခံတွေဟာ မဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ ပုသိမ်မြို့ခံတချို့ကပြောပါတယ်။

Public Service Announcement
“မဲပေးဖို့လည်း စိတ်မဝင်စားကြဘူး။ မဲရုံတွေလည်း မသွားရဲကြဘူး။ဖမ်းပြီးငွေညှစ်မှာကြောက်သလို လုံခြုံရေးလည်း စိတ်မချကြဘူး” လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့၊ ကမ်းနားလမ်းက မဲရုံတစ်ခုရှေ့မှာ စားပွဲကို ပေါ် မှောက်ပြီးအိပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ခဲ့ရပါတယ်။
ဟင်္သာတမြို့က မဲရုံတချို့ရှေ့မှာလည်းပလပ်စတစ်ထိုင်ခုံပေါ် ထိုင်ပြီး အိပ်ငိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပျုစောထီးတချို့ကိုတွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။
“လက်ဖက်ရည်ဆိုင်တွေမှာလည်း ညက ဘောလုံးပွဲအကြောင်းပဲပြောကြတယ်။ရွေးကောက်ပွဲအကြောင်းမပြောကြဘူး။ စိတ်လည်းမဝင်စားကြဘူး”လို့ဟင်္သာတမြို့၊မြဝတီရပ်ကွက်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှာတော့ ဧရာဝတီတိုင်းကဒေသခံတွေဟာ စိတ်ဝင်တစားမဲပေးခဲ့ကြပြီး အခု ရွေးကောက်ပွဲကိုတော့ စိတ်ဝင်စားမှုမရှိတာတွေ့ရပါတယ်။ ဧရာဝတီတိုင်းထဲမှာ ခရိုင်ရှစ်ခုနဲ့ ၂၆မြို့နယ်ပါဝင်ပါတယ်။ စစ်တပ်ရွေးကောက်ပွဲအပိုင်း ၁ မှာတော့ ပုသိမ်၊ဟင်္သာတ၊မအူပင်၊လပွတ္တာအပါအဝင်မြို့နယ် ၈ မြို့နယ်ပါဝင်ပါတယ်။
ဒါပေမယ့်ရခိုင်ပြည်နယ်နဲ့နယ်စပ်ဖြစ်တဲ့သာပေါင်း၊ ရေကြည်နဲ့လေးမျက်နှာမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်နေပြီး ရေကြည်နဲ့လေးမျက်နှာမြို့နယ်တွေထဲက ကျေးရွာအုပ်စုပေါင်း၂၄ ခုမှာ ရွေးကောက်ပွဲမပြုလုပ်နိုင်ဘူးလို့ စစ်ကောင်စီကကြေညာထားပါတယ်။
“ခြိမ်းခြောက်ပြီးလုပ်နေတဲ့ရွေးကောက်ပွဲ။ဘယ်သူမှစိတ်မဝင်စားဘူး။ ရွေးကောက်ပွဲအကြောင်းထက်ညက ဘောလုံးပွဲမှာ ချဲလ်ဆီးကဗီလာကိုရှုံးတဲ့အကြောင်းပဲ ပြောကြတာ”လို့ မအူပင်မြို့ခံတစ်ဦးကပြောပါတယ်။


















































