ဇန်နဝါရီ-၁၊ ၂၀၂၆၊ ဟန်နွေ/People’s Spring
၂၀၂၆ခုနှစ်ဟာ ပြည်သူ့အင်အားကို အဓိကထားပြီး တော်လှန်ရေးကို ပိုမိုမြန်ဆန်စွာ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ့် နှစ်တနှစ်အဖြစ် ပုံဖော်ကြရမှာဖြစ်ကြောင်း ချင်းပြည်(Chinland)ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပြည်သူ့အင်အားဟာ အနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့ အဓိကအင်အားဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ထိုအင်အားကိုစုစည်း အသုံးပြုကာ တော်လှန်ရေးကို အရှိန်မြှင့်တင်သွားကြရမှာဖြစ်တယ်” လို့ လည်း ပူးဇင်ကျုံးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင်အာဏာသိမ်းစစ်တပ်ကြိုးပမ်းနေတဲ့အတုအယောင် ရွေးကောက် ပွဲလက်မခံကြောင်း ထပ်လောင်း အသိပေးပါတယ်။
စစ်တပ်ရွေးကောက်ပွဲတွေဟာပြည်သူ့ဆန္ဒကိုမထင်ဟပ်နိုင်သလို လွတ် လပ်မှု၊ တန်းတူမှု၊ တရားမျှတမှုတို့ကို လည်း အာမခံချက်မပေးနိုင်ဘူးလို့ ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ က ပြောပါတယ်။
စစ်ကောင်စီရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုလက်ခံလို့မရသလိုထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း လက်မခံနိုင်တာကြောင့် ချင်းပြည်ကောင်စီကပြဋ္ဌာန်းခဲ့တဲ့အကြမ်းဖက်စစ်ကော်မရှင်၏အတုအယောင်ရွေး ကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့ အခွင့်အရေးကာကွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
“ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ပူပေါင်း ဆောင်ရွက်မှု မပြုလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်”လို့လည်းချင်းပြည်ကောင်စီဥက္ကဋ္ဌကပြောပါတယ်။
ချင်းအမျိုးသားညီညွတ်မှု တည်ဆောက်ရေးအတွက်”ညီညွတ်မှသာ ချင်းအနာဂတ်တည်မြဲမည်” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲဖို့၊ ချင်းလူမျိုးတိုင်း၊ ချင်းအဖွဲ့အစည်းတိုင်း ယုံကြည်မှုနဲ့ အတူတကွလက်တွဲ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။
၂၀၂၆မှာစည်းလုံးညီ ညွတ်မှုကို အခြေခံပြီး ပြည်သူ့အင်အားကို အားထားကာအနာဂတ်စနစ်သစ်တစ်ရပ်ကိုတည်ဆောက်သွားရမည့်နှစ်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌက ပြောကြားပြီး မိမိတို့ရဲ့အနာဂတ်ကို မိမိတို့ကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။
“ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ လက်နက်ကိုင်တိုက်ခိုက်ခြင်းတစ်မျိုးတည်းမဟုတ်ပါဘူး။အမှန်တရားကိုထိန်းသိမ်းခြင်း၊အချင်းချင်းကူညီပံ့ပိုးခြင်း၊အသိပညာမျှဝေခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့သည်လည်း အရေးပါသော ကာကွယ်ရေးလုပ်ဆောင်ချက်တွေဖြစ်ပါတယ်။”လို့လည်း ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောပါတယ်။
ချင်းပြည်ကောင်စီဟာ ချင်းအမျိုးသားတပ်မတော်(CNF/CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့ထားတဲ့ ချင်းတော်လှန်ရေးအင်အားစုတခုဖြစ်ပါတယ်။ တဖက်မှာလည်း ချင်းညီနောင် အဖြစ်စုဖွဲ့ထားတဲ့ ချင်းတော်လှန်ရေးအင်အားစု ရှိနေပြီး အဲဒီ ချင်းတော်လှန်ရေးအင်အားစုနှစ်ခုအကြား သဘောထား ကွဲလွဲမှုနဲ့ ပြဿနာအချို့ရှိခဲ့ပါတယ်။
ချင်းတော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်ဖို့ လိုအပ်ကြောင်း နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုထားသလို လတ်တလော ချင်းမြောက်ပိုင်း ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် အဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်တွေ စစ်မြေပြင်မှာ အတူပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်။


















































