Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုတရားဝင်စေမယ့်လုပ်ရပ်တွေရှောင်ဖို့ တော်လှန်ရေးအင်အားစုတွေကို ချင်းပြည်ကောင်စီ သတိပေး

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

(ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)

ဇူလိုင်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ရည်မှန်းချက်များကို အလေးထားကာ အကြမ်းဖက်စစ်အုပ်စုအတွက် တရားဝင်စေမယ့် လုပ်ရပ်များကို ရှောင်ရှားပြီး ခေတ်စနစ် ပြောင်းလဲရေးကိုသာရှေးရှုကာ ပြည်သူ့တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားကြဖို့ တိုက်တွန်းကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်ပါတယ်။

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း တတိယအကြိမ် ကောင်စီအစည်းအဝေး ကြေညာချက်ကို ဇူလိုင် ၂၇ရက်က ထုတ်ပြန်ခဲ့ရာ အခုလို တိုက်တွန်းထားတာပါ။

” အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင်က တစ်ဖက်သတ်စိတ်ကြိုက်ဖွဲ့စည်းလိုက်သည့် ရွေးတုအစိုးရ ကို တရားဝင်ဒီမိုကရေစီအစိုးရအဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေ ပါသည်။ ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းသုံးလျက် စစ်ရေး အရှိန်မြှင့်လာခြင်း၊ အပြစ်မဲ့အရပ်သား များ အပေါ်ရည်ရွယ်ချက်ရှိရှိ ပိုမိုအကြမ်းဖက်တိုက်ခိုက်လာခြင်း၊ အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံတချို့၏ ဖိအား ကို အသုံးချ၍ တော်လှန်ရေးအင်အားစုများကို သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်နေခြင်းများအပေါ် အထူးသတိထား ရမည်ဖြစ်သည်” လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဟာ ၀တပ် UWSA၊ မိုင်းလား NDAA၊ ရှမ်း SSPP ၊ တအာင်း TNLA အပါအဝင် စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အခြေအနေမှာ ချင်းပြည်ကောင်စီက တော်လှန်ရေးအင်အားစုတွေအနေနဲ့ လူထုဆန္ဒကို အလေးထားဖို့ တိုက်တွန်းခဲ့တာလည်းဖြစ်ပါတယ်။

စစ်အုပ်စုအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ အမှန်တကယ်ဆန္ဒရှိပါက အရပ် သားပြည်သူအဆောက်အဦးများ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘာသာရေး အဆောက်အဦးများ အပါအဝင် အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းခြင်း၊ စစ်ဘေးဒဏ်သင့် အရပ်သား ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွတ်လပ်စွာဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းများရပ်ဆိုင်းခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်း စတဲ့ လုပ်ငန်းတွေကနဦး ဆောင်ရွက်ခြင်းဖြင့် သက်သေပြရမယ်လို့လည်း ချင်းပြည်ကောင်စီက ထုတ်ပြန်ပါတယ်။

ချင်းပြည်ကောင်စီမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)ဟာ အာဏာသိမ်းစစ်တပ်ကို စစ်ရေးနိုင်ငံရေး အရ ထိရောက်စွာ တွန်းလှန်တိုက်ခိုက်ဖို့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် ဖြစ်ပြီး လက်ရှိမှာ SCEF အနေနဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဆက်တိုက် ပြုလုပ်လျက်ရှိပါတယ်။

ယခု ချင်းပြည်ကောင်စီရဲ့ အစည်းအဝေးမှာလည်း စစ်ရေး၊ နိုင်ငံရေး သုံးသပ်မှုတွေ ပြုလုပ်ကာ ချင်းပြည် (Chinland) အစိုးရ တပ်ဖွဲ့ ပိုမိုခိုင်မာ အားကောင်းရေးနဲ့ ချင်းအမျိုးသားစည်းလုံး ညီညွတ်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

ဇွတ်သမ္မတတဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရသည် ကုလသမဂ္ဂနှင့် အာဆီယံစင်မြင့်ထက်တွင် နေရာမရဘဲ သံတမန်ရေးအရ အထီးကျန်နေချိန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)ကိုသံတမန်ရေး အသက်ရှူပေါက်နှင့်နိုင်ငံတကာတရားဝင်မှု (Legitimacy)ရရှိရေးအတွက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ ကြိုးစားနေပါသည်။