ဇန်နဝါရီ-၁၄၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းမှူး ဒရုန်းထိမှန်ပြီးနောက် စစ်ကြောင်းပြန် ဆုတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။
ဝက်လက်မြို့အရှေ့ခြမ်းက ကမ်းဖြူကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ဇန်နဝါရီ ၁၁ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရှိမ်းမကားကနေ ကမ်းဖြူရွာအထိ တိုးလာတဲ့စစ်ကြောင်းကို ကမ်းမဖြူရွာကနေ ဆက်မတိုးနိုင်အောင် ကာတယ်။အဲဒါကြောင့် သူတို့က ကမ်းဖြူရွာမှာ ၁၀ ရက်လောက်တပ်စွဲရတယ်။တပ်စွဲတုန်း ဒရုန်းဗုံးသီးကောင်းကောင်းနဲ့ တိုက်ခိုက်ခဲ့တာ စစ်ကြောင်းမှူးထိတယ်။ ကျွန်တော်တို့ ဖွင့်ပေးထားတဲ့ အပေါက်တစ်ပေါက်ကနေ ၁၂ ရက်နေ့ မနက် ၁ နာရီ မှာတစ်သုတ်၊မနက် ၂ နာရီခွဲမှာ တစ်သုတ်နဲ့ ၃ နာရီ မှာတစ်သုတ် သုံးသုတ်ခွဲပြီး ရှိမ်းမကားကို ခိုးပြန်သွားကြတယ်”လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း(၂)က ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ဒရုန်းတိုက်ခိုက်မှုကနေ စစ်ကြောင်းမှူးသေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။ဒါပေမယ့် လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။
“မြို့အရှေ့မြောက်ဘက် ရေကမိုးရွာထဲမှာ စစ်တပ်စစ် ကြောင်းနောက်တစ်ခုရှိသေးတယ်။မီးရှို့ တာတွေ လုပ်နေတယ်”လို့ ဝက်လက် မြို့နယ်သတင်းရင်း မြစ်က ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)နဲ့ ဒေသတွင်း ပျူစောထီးတွေစုဖွဲ့ပြီး စစ် ကြောင်းထိုးခဲ့ပါတယ်။
ဇန်နဝါရီ၆ရက် မနက်ပိုင်းမှာ ကမ်းဖြူရွာရဲ့အနောက်ဘက် ရွှေအင်ပင်တောအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာစစ်သား ၁၅ဦးထက်မနည်း သေဆုံးပြီး မတ္တရာမြို့နယ်ပကဖက ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။အဲဒီစစ်ကြောင်းကနေ စစ်တပ်ထုတ် MA1 Mk II T1 လက်နက်သစ်သိမ်းဆည်းရရှိခဲ့တာ ရှိပါတယ်။
အဲဒီ့စစ်ကြောင်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက အမျိုးသမီးငါးဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ပြီး သန္ဓေတားဆေးပါထိုးပြီးပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေက ထုတ်ဖော်ထားပါတယ်။
ဒီဇင်ဘာနောက်ဆုံးပတ်က ရှိမ်းမကားရွာရဲစခန်းက နေထွက်လာတဲ့အင်အား ၁၅၀ခန့်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
ရုပ်သံ – Battalion 2 UAV Team


















































