ဇန်နဝါရီ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၂၇ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ တနိုင်းဒေသကို စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ် ပြည်သူ့စစ်က ၂၀၂၅ ဒီဇင်ဘာ လလယ်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး KIA ရဲ့ ကာကင်းစခန်းတခုနဲ့ အွယ်လောဂိတ်စခန်းတို့ကို သိမ်းပိုက်ခဲ့တာပါ။
“အွယ်လာ(အွယ်လော)စခန်းပါ။ ရွှေမှော်၊ ပယင်းမှော်တွေသွားရင် အဓိက ဖြတ်ရတဲ့ လမ်းပါ။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က မနေ့က တပ်စခန်း တခု ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement
အခြား သတင်းရင်းမြစ် တဦးကလည်း “အဲဒါက အရင်တုန်းက ဝါရာဇွပ်ပြည်သူ့စစ်တွေ ဝင်သိမ်းတဲ့ စခန်းဖြစ်တယ်။ တပ်ရင်း ၁၄ရဲ့ ကာကင်းတခုဖြစ်တယ်။ အဲဒီကာကင်းကို ပြန်ပြီးမှ သိမ်းယူတာပေါ့”လို့ ပြောပါတယ်။
တနိုင်းဒေသ စစ်ရေးအခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲပါ။
KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7stars News ကတော့ အွယ်လောစခန်း အပါအဝင် လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေ ပြန်သိမ်းနိုင်ဖို့ KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၁၄) နဲ့ KPDF တွေ အင်အားစုကာ ဇန်နဝါရီ ၂၆ရက်က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ မြေပြင်ရင်းမြစ်ကို ကိုးကား ဖော်ပြထားပါတယ်။ ကျန်တဲ့ စခန်းတွေ သိမ်းနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း အသိပေးထားပါတယ်။
တနိုင်းဒေသက ကာကင်းစခန်းနဲ့ ဂိတ်စခန်း လက်လွှတ်ခဲ့ရမှုကို ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီ တတိယပတ်မှာ အတည်ပြု ပြောထားပါတယ်။
မှော်ဒေသကို စစ်ကောင်စီ လက်အောက်ခံ တပ်တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတဲ့ စစ်ဆင်ရေးတွေ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ အဲဒီဒေသမှာ ရှိနေလို့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။


















































