အောက်တိုဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ မုန်ယိုနေတဲ့ ဆင်နင်းလို့ ဒေသခံ ၅ဦး သေဆုံးခဲ့ပြီး ဆင်ကလွတ်မြောက်နေဆဲမို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီး ၁ကောင်ဟာ အောက်တိုဘာ ၂၄ရက်မှာ တနိုင်းမြို့နယ် တရုံကျေးရွာရောက်လာပြီး ရန်ပြုတာလို့ သိရပါတယ်။
“ကောင်ရာကျေးရွာဘက်ကနေ ရောက်လာတာ။ တရုံရွာအနီးမှာတင် အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးအနင်းခံရတာ။ ဆင်က ချောင်းထဲဆင်းသွားပြီး တောထဲဘက်ထွက်သွားတယ်။ ဒေသခံတွေ အရမ်းကြောက်နေတာ”လို့ တနိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းနဲ့ဆက်စပ်ပြီး ဆင်ပေါတဲ့ ဒေသဖြစ်ပါတယ်။
ပုဂ္ဂလိကပိုင်အဖြစ် ဒေသခံ တွေ ပိုင်ဆိုင်တဲ့ အိမ်မွေးဆင် ၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကပိုင်ဆင်တွေ မုန်ယိုပြီး လူတွေကို ရန်ပြုတာလည်း နှစ်စဉ်ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ မတ်လက တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်း မုန်ယိုနေတဲ့ ဆင်ထီး ၁ကောင်က တိုက်ခိုက်လို့ ဒေသခံအမျိုးသား ၃ ဦး သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာကလည်း တနိုင်းမြို့ဒူကောင်းရပ်ကွက်မှာ ဆင် ၁ကောင်မုန်ယိုပြီး တိုက်ခိုက်လို့ အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပါတယ်။
လက်တလောမှာ မုန်ယိုပြီး လွတ်မြောက်နေတဲ့ဆင်ကို ဖမ်းမိရေးအတွက် ဒေသခံတွေနဲ့ ဆင်ဖမ်းဆီးရေးကျွမ်းကျင်သူတွေကြိုးပမ်းနေကြောင်း သတင်းရရှိပါတယ်။



















































