ဇန်နဝါရီ-၂၉၊၂၀၂၆။မိုမို/People’s Spring
စစ်သုံ့ပန်းတွေ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အတွက် ကရင်နီပြည်လူထု တစ်ရပ်လုံးနဲ့ တော် လှန်ရေးအင် အားစုတစ်ရပ်လုံးကို တောင်းပန်ပြီး တာဝန်ယူတာဝန်ခံမှုနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ဒီကနေ့ ဇန်နဝါရီ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။
တရားရေးဌာနအစီရင်ခံစာနဲ့ အကျဉ်းသားတွေရဲ့ ထွက်ဆိုချက်တွေ၊ထိုင်းစစ်တပ်ရဲ့ အသိပေးမှုတွေအရ စစ်သုံ့ပန်းတွေက ထောင်ဖောက် ထွက်ပြေးဖို့အတွက် အတွင်းအပြင် ချိတ်ဆက်မှုတွေကို လွန်ခဲ့တဲ့ သုံးလကတည်းက ကြိုတင်ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခု ဖြစ်တယ်။ ပြည်နယ်ရဲ့ လုံခြုံရေးအရပဲပြောပြောပြည်နယ်ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရပဲပြောပြော ဒါမှမဟုတ် IECရဲ့ ဒီစစ်သုံ့ပန်းတွေအပေါ် ကိုင်တွယ်မှုက ကျွန်တော်တို့ IECကနေပဲ ကိုင်တွယ်လို့မရဘဲ လုံခြုံရေးအရ ပြည်နယ်မှာရှိနေတဲ့လက်နက် ကိုင်အင်အားစုနဲ့အတူတကွ ပူးပေါင်းကိုင်တွယ်ရမယ့်လုပ်ငန်းစဥ်တစ်ခုဆိုတာ ကျွန်တော်တို့ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်သွားတယ်”IEC ရဲ့တွဲဖက် အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို သီးသန့်အင်တာဗျူးမှာ ပြောထားပါတယ်။

Public Service Announcement
ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်မှာလည်း စစ်သုံ့ပန်း ၈ဦးနဲ့ ၁၀ဦး တစ်အုပ်စုပုံစံမျိုးနဲ့ အုပ်စုဖွဲ့လှုပ်ရှားတာ၊ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ရောက်ရှိတဲ့အခါမှာ ဆုံမှတ်နေရာတွေကို ကြိုတင်သတ်မှတ်တာနဲ့ ဖုန်းဆင်းကတ်တွေ ကြိုတင်စီမံပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးထားတာကိုလည်း တွေ့ရှိရတယ်လို့ အသိပေးပါတယ်။
ထွက်ပြေးရာလမ်းကြောင်းမှာ ပြန်လည်ခုခံဖို့အစီအမံတွေ ချထားတာနဲ့ စားနပ်ရိက္ခာတွေ ယူဆောင်တာ စသဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးတဲ့ စာရင်းအရ စစ်သုံ့ပန်း ၇၆ဦး၊ ထောင်ဝန်ထမ်းနှစ်ဦးနဲ့မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျခံထားရသူငါး ဦး၊ စုစုပေါင်း ၈၃ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဇန်နဝါရီ ၁၈ရက်ကစပြီး နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူ နယ်မြေရှာဖွေရှင်းလင်းရေး လုပ် ဆောင်ခဲ့ရာမှာ စစ်သုံ့ပန်းတွေက ပြန်လည်ခုခံ ပစ်ခတ်ခဲ့လို့ ရှစ် ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းတွေယူ ဆောင်သွားတဲ့လက်နက်ငယ် ၉လက်မှာ လက် နက်ငယ် ငါးလက်နဲ့ ကျည်အချို့ကို ပြန်လည်သိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ကျန်ရှိသူတွေက ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့ပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကရင်နီဘက်က ထွက်ပြေးလာတဲ့စစ်သုံ့ပန်း ၆၈ ဦးကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ဆီကို အခု ဇန်နဝါရီ၂၆ ရက်က မဲဆောက် – မြဝတီ အမှတ်(၂)တံတားကနေတဆင့် လွှဲပြောင်းလိုက်တယ်လို့ ထိုင်းသတင်းတချို့မှာ တွေ့ရပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး ဌာနတွင်း စစ်ဆေးမှု ပြုလုပ်တာနဲ့ ဖြစ်စဉ်အသေးစိတ်ကို အစီရင်ခံတင်ပြတာတွေ၊အကျဉ်းသားတွေ လွတ်မြောက်ဖို့ ပူးပေါင်း ပါဝင်ခဲ့တဲ့ သူနှစ်ဦးကို ပြစ်မှုဆိုင်ရာတရားစွဲဆိုအမှုဖွင့်ထားတယ်လို့ IECက ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ပူးပေါင်းပြီးကျန်ရှိတဲ့ စစ်သုံ့ပန်းတွေ အပါအဝင် အကျဉ်းသားဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေအတိုင်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။
စစ်သုံ့ပန်းတွေကို ထိန်းသိမ်းတာနဲ့ စပ်လျဉ်းပြီး အကျဉ်းထောင် ဝန်ထမ်းအင်အားဖြည့်တင်းရေး၊ လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေ တည် ဆောက်တာနဲ့ အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းအရေး စီမံရာမှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေဆီက နည်းပညာအကူအညီနဲ့ ရန်ပုံငွေအထောက်အပံ့တွေ ဖိတ်ခေါ်သွားမယ်လို့လည်း ဆိုပါတယ်။
အခုဖြစ်စဉ်ကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ပြည်သူလူထုရဲ့စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အထူးအလေးထားတယ်လို့ IEC က ပြောပါတယ်။
သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ချမှတ်အကောင် အထည်ဖော်မှာဖြစ်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကြေညာပါတယ်။
အခုဖြစ်ရပ်အတွက် ကရင်နီပြည်လူထု တစ်ရပ်လုံး ၊တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို တောင်းပန်ပြီး တာဝန်ယူတာဝန်ခံမှု တို့နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။
“တော်လှန်ရေးကာလတစ်နှစ်ကျော်မှာအတောက်ပဆုံးအုပ်ချုပ်ရေးအဖွဲ့ပါ။စစ်အသုံးစာရိတ်တောင်သူတို့ကြောင့်မြင်ဖူးတယ်”လို့ IEC ရဲ့တောင်းပန်မှုအပေါ်လက်ခံတဲ့အကြောင်း ကရင်နီရဲဘော်တစ်ဦးက ပြောပါတယ်။
IEC ရဲ့ ကြီးကြပ်မှုအောက်မှာ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ရှိပြီး အကျဥ်းထောင် အမှတ်(၁)နဲ့ အမှတ်(၂)ရှိကာ အခုထွက်ပြေးလွတ်မြောက်ခဲ့မှုဟာ မယ်စဲ့မြို့နယ်က အမှတ်(၂)အကျဥ်းထောင်လို့ သိရပါတယ်။


















































