Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ခရီးသည် နှစ်ဒါဇင်နီးပါးကို လေဆိပ်ဘတ်စ်ကားထဲ ချန်ထားပြီး လေယာဉ်ထွက်လုနီးပါး ဖြစ်ခဲ့

ခရီးသည် နှစ်ဒါဇင်နီးပါးကို ချန်ထားခဲ့ပြီး လေယာဉ်ထွက်လုနီးပါး ဖြစ်ခဲ့တဲ့ လွဲချော်မှုအတွက် အာရှလေကြောင်း (Air Asia)က ဝန်ခံ တောင်းပန်ခဲ့ပါတယ်။

ခရီးသည် နှစ်ဒါဇင်နီးပါးကို ချန်ထားခဲ့ပြီး လေယာဉ်ထွက်လုနီးပါး ဖြစ်ခဲ့တဲ့ လွဲချော်မှုအတွက် အာရှလေကြောင်း (Air Asia)က ဝန်ခံ တောင်းပန်ခဲ့ပါတယ်။

အဲဒီ လွဲချော်မှုဟာ ဇန်နဝါရီ ၁၇ ရက်နေ့တုန်းက ထိုင်းပြည်တွင်း လေကြောင်း ခရီးစဉ် တစ်ခုဖြစ်တဲ့ ဘန်ကောက်ကနေ ဟတ်ယိုင်ဆီ ပျံသန်းမှုမှာ ကြုံခဲ့တာပါ။

Air Asiaရဲ့ ခရီးစဉ်အမှတ် ၃၁၁၆ လေယာဉ်ဟာ မနက် ၇း၁၀ နာရီမှာ ဒွန်မောင်းလေဆိပ်ကနေ ထွက်ခွာဖို့ စီစဉ်ထားခဲ့ပါတယ်။ လေယာဉ်ပေါ် လိုက်ပါမယ့် ခရီးသည်တွေထဲက ၂၃ ဦးဟာ လေဆိပ်မှာ စာရင်းသွင်း check-in လုပ်ထားခဲ့ပြီး ဖြစ်ပေမယ့်လည်း လေဆိပ်မှာသုံးတဲ့ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ ဆက်ပြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ခရီးသည်တွေကလည်း နှောင့်နှေးမှု တစ်ခုခုကြောင့် သူတို့တွေ လေယာဉ်ဆီ မရောက်သေးတာလို့ပဲ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ကတော့ ထွက်ခွာဖို့ ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်က ပြေးလမ်းပေါ် စရွေ့လာတဲ့ အချိန်မှာ ခရီးသည် တချို့က သူတို့ရဲ့ မိတ်ဆွေတွေဟာ check-in လုပ်ပြီးလျက်နဲ့ ရောက်မလာသေးကြောင်း လေယာဉ် အမှုထမ်းတွေဆီ အသိပေးခဲ့ပြီး အခြေအနေကို ပြန်စစ်ဆေးခဲ့ရပါတယ်။

လေယာဉ်ပေါ်မှာ ရှိနေတဲ့ ခရီးသည် တချို့ကတော့ လေယာဉ်အမှုထမ်းတွေဟာ လူတွေနည်းနေတာကို သတိပြုမိခဲ့ဟန် မတူကြောင်း၊ နောက်ဆုံး ဖုန်းနဲ့ ဆက်သွယ်ကြည့်တော့မှ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၂၃ ဦး ကျန်နေသေးတာကို အတည်ပြုနိုင်ခဲ့ကြောင်း ပြောပါတယ်။ လေယာဉ်ကိုလည်း ပြေးလမ်းပေါ်ကနေ နောက်ပြန်လှည့်ပြီး ကျန်နေတဲ့ ခရီးသည်တွေကို စောင့်ခေါ်စေခဲ့ရပါတယ်။

အဲဒီအကြောင်းက လူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ပျံ့နှံ့လာတဲ့နောက် Air Asiaရဲ့ ခရီးသည် စိစစ် လက်ခံမှု အစီအမံတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။ လေယာဉ်ပေါ် ပါခဲ့သူ တစ်ဦးက အမှုထမ်းတွေဟာ လေယာဉ် စထွက်တဲ့ အချိန်ထိတော့ ခရီးသည် ဦးရေကို မရေတွက်ခဲ့ဘူးလို့ မှတ်ချက်ပြုထားခဲ့ပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ Air Asiaက အဲဒီလို မှားယွင်းမှုမျိုးကြောင့် ခရီးစဉ် နှောင့်နှေးခဲ့တယ် ဆိုတာကို အတည်ပြု ဝန်ခံခဲ့ပါတယ်။ ဒီပြဿနာဟာ လေယာဉ်နဲ့ မြေပြင်က အမှုထမ်းတွေကြား ချိတ်ဆက်မှု အပိုင်းမှာ လွဲချော်ခဲ့တာကြောင့်လို့ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။ ခရီးသည် ၁၃၆ ဦး လိုက်ပါခဲ့တဲ့ လေယာဉ်ဟာ ၃၆ မိနစ်လောက် နှောင့်နှေးမှု ဖြစ်ခဲ့ကြောင်း၊ အဆုံးမှာတော့ ကျန်နေတဲ့ ခရီးသည်တွေကို လေယာဉ်မှူးက တက်ရောက်နိုင်အောင် ခွင့်ပြုပေးခဲ့ကြောင်း Air Asiaက ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လေကြောင်းလိုင်းရဲ့ စည်းမျဉ်း မူဝါဒတွေနဲ့အညီ ကိုင်တွယ် အရေးယူမယ်လို့လည်း Air Asiaက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အနာဂတ်မှာ အခုလို ကိစ္စမျိုး ထပ်မကြုံအောင် သေချာ ကြပ်မတ်သွားမယ်လို့လည်း ကတိပေးထားခဲ့ပါတယ်။

ကိုးကား: Thaiger
ဓာတ်ပုံ – Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။